Home သတင်း စစ်တပ်၏အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက်အပေါ် ပူးပေါင်းသူများကို အရေးယူမည်ဟု မွန်တော်လှန်ရေးတပ်(၃)ဖွဲ့ ထုတ်ပြန်

စစ်တပ်၏အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက်အပေါ် ပူးပေါင်းသူများကို အရေးယူမည်ဟု မွန်တော်လှန်ရေးတပ်(၃)ဖွဲ့ ထုတ်ပြန်

156
Photo: MSFC

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဩဂုတ်လ(၁၆)ရက်နေ့က ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟို ကြီးကြပ်မှုအဖွဲ့၏ ပြည်သူ့စစ်စုဆောင်းမှုဆောင်ရွက်ချက်များအပေါ် ပူးပေါင်းလုပ်ဆောင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့(၃)ဖွဲ့ပူးပေါင်း၍ ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ ၎င်းအဖွဲ့မှ ပြည်နယ်နှင့်တိုင်းအလိုက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်မှ အသက်(၃၅-၆၅)နှစ်ကြားရှိ အမျိုးသားများအား စစ်သင်တန်းနှင့်လက်နက်တပ်ဆင်ပေးခြင်း လုပ်ဆောင် မည့်အပေါ် လူစုဆောင်းမှုအတွင်း ပါဝင်သူများအား မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန (MSFC-DoD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့ မှ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ဆန့်ကျင်ရန်၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှလည်း အကူအညီမပေးရန်၊ အဖွဲ့တွင်ပါဝင်သူများကို သတင်းပေးပို့ရန်ကိုလည်း မွန်တော်လှန်ရေးတပ်များက ပြောဆိုသည်။

ထုတ်ပြန်ချက်ပါ MSDF ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက “ပထမအဆင့်အနေနဲ့လူငယ်တွေကို စစ်မှုမထမ်းမနေရပုံပြပြီး လူစုဆောင်းတာ မအောင်မြင်ဘူး။ ဒါကြောင့် အသက်(၃၅)ကနေ(၆၅)အထိ ပြည်သူတွေကို ကိုယ့်နယ်မြေက ပြည်သူ့လုံခြုံရေး၊ ရပ်ကွက် စောင့်ရှောက်ရေးဆိုပြီး ပြည်သူ့စစ်မဟာဗျူဟာအရ ဖိအားပေးတာပါ။ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ အင်အားနဲ့တင်မလုံလောက်လို့ အပြစ်မဲ့ပြည်သူတွေကို ဖိအားပေးအသုံးချတဲ့သဘောပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်နှင့်ရေးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီက အစည်းအဝေးခေါ်ယူ၍ ၎င်းတို့၏ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်မှုအဖွဲ့က အကောင်အထည်ဖော်မည့် ပြည်သူ့လုံခြုံရေး စနစ်အတွက် လူအင်အားစုဆောင်းရေးလုပ်ငန်းများ လုပ်ဆောင်ရေး ပြောကြားခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးစနစ်အောက်တွင် အဓိကအားဖြင့် စစ်မှုထမ်းဥပဒေအတွင်း အကျုံးမဝင်တော့သည့် အသက်(၃၅)နှစ်အထက် အမျိုးသားများနှင့် ဆေးမအောင်သူအမျိုးသားများအား မိမိတို့ရပ်ကွက်၊ လမ်းလုံခြုံရေး အလှည့်ကျကင်းစောင့်ရန် ခေါ်ယူမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွင် ပြောကြားချက်အရ သိရသည်။

မွန်တော်လှန်ရေးလက်နက်ကိုင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ စုဆောင်းရရှိလာသည့် အရပ်သားပြည် သူများအား မိမိတို့ရပ်ကွက်၊ ကျေးရွာအလိုက် ကင်းစောင့်ခိုင်းရန်ဟု စစ်ကောင်စီက ဆိုထားသော်လည်း ပထမအဆင့်အနေဖြင့်သာဖြစ်ပြီး ၎င်းတို့စစ်အင်အားအတွက် ရှေ့တန်းသို့ပို့ဆောင်သွားရန် အစီအစဥ်ရှိခြင်းကြောင့်ဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။