Home သတင်း ကေအဲန်ယူ နယ်မြေအတွင်း ရေကြီးပြီးနောက် စပါးပင် ပိုးကျ

ကေအဲန်ယူ နယ်မြေအတွင်း ရေကြီးပြီးနောက် စပါးပင် ပိုးကျ

101
Photo: CJ

စက်တင်ဘာ ၂ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်နှင့် ဖားအံခရိုင်တို့တွင် ရေကြီးပြီး ရေပြန်ကျချိန်၌ စပါးပင်များ ပိုးကျမှု ဖြစ်ပွားနေသည်ဟု လယ်သမားများက ပြောသည်။

စပါးပင်များသည် ရေကျပြီးနောက် ပိုးကျကာ ပင်စည်ရိုးဝါပြီး စပါးတစ်ပင်လုံး ဝါလာခြင်းမျိုးဖြစ်ပေါ် နေသလို တချို့နေရာ များတွင် ထိုသို့ စပါးပင်ဝါလာပြီးနောက် စပါးပင်ပုပ်ကာ အပင်သေဆုံးသွားသည်အထိ ဖြစ်ပွားလျက်ရှိသည်။

“ရေမြှုပ်ပြီး မသေဘဲကျန်တဲ့စပါးတွေအားလုံး ပိုးကျတယ်။ အပင်တွေက ဝါကျတယ်။ ဘယ်လိုမျိုး တူလဲဆိုတော့ စပါးရိတ်သိမ်းခါနီး စပါးဝါသလိုပုံစံမျိုးနဲ့တူတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီစပါးတွေက အသီးသီးနိုင်သေးလား၊ မနိုင်သေးလားတော့ မသိသေးဘူး။ အခုတော့ အပင်တစ်ပင်လုံးက ဝါကျတယ်” ဟု သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

သထုံခရိုင်ရှိ မြို့နယ်အားလုံးတွင် စပါးပိုးကျလာခြင်းကို ကြုံနေရသောကြောင့် စပါးအသီးအောင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည်ဖြစ်သလို စပါးအသီးမအောင်ပါက လာမည့်နှစ်တွင် လူထုများ ဆန်စပါးရှားပါးလာမည်ကို စိုးရိမ်နေရသည်ဟု ပဒိုစောအေးနိုင်က ဆိုသည်။

Photo: CJ

ဖားအံမြို့အနီးရှိ တောင်သူတစ်ဦးကလည်း “ဒီနှစ်စပါးက ဘယ်လိုလဲတော့မသိဘူး။ အပင်တွေ ဝါလာ တယ်။ တစ်ခါမှတော့ အဲလိုမတွေ့ဘူး။ တချို့အပင်တွေက ဝါပေမယ့်လည်း အပင်ကြီးတယ်။ တချို့က ဘယ်လိုပြောလဲဆိုတော့ ဒါကိုအသီးပွားမယ်လို့ အဲလိုပြောတာရှိတယ်။ ကျမတို့လယ်မှာ အပင်ပုပ်တာမရှိဘူး။ ဝါတာတော့ တော်တော် ဝါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် မိုးရာသီ ဩဂုတ်လအတွင်းက ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ မြို့နယ်များတွင် ရေကြီးရေလျှံမှု ရက်သတ္တပတ်ကျော်ခန့်ဖြစ်ပွားခဲ့ပြီး လယ်ယာမြေ အများအပြား ရေနှစ်မြှုပ်ကာ စပါးပင်များ သေဆုံးပျက်စီးမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ ပျက်စီးသွားသည့် လယ်ယာများကို အစားထိုးပြန် စိုက်ရန်အတွက် ပျိုးပင်မရှိသောကြောင့် အခက်အခဲရှိသည်ဟု တောင်သူ၊ လယ်သမား များထံမှ သိရသည်။

ယခုလို စပါးစိုက်ခင်းများ အခက်ကြုံတွေ့ရသလို စပါးပင် သန်မာရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာ‌ဈေး နှုန်းများနှစ်ဆကျော်ခန့် ဈေးတက်လာသည့်အတွက် တောင်သူများ အခက်အခဲများ ဖြစ်ပေါ်လက်ရှိကြောင်း သိရသည်။