Home သတင်း ကေအဲန်ယူနယ်မြေအချို့ ဆက်သွယ်ရေးဖြတ်တောက်ခံထားရမှုကြောင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းနှောင့်နှေး

ကေအဲန်ယူနယ်မြေအချို့ ဆက်သွယ်ရေးဖြတ်တောက်ခံထားရမှုကြောင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းနှောင့်နှေး

249
Photo: CJ

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လက်ရှိပဋိပက္ခအပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလျက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၂) တောင်ငူခရိုင် အတွင်းရှိ နယ်မြေများတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးရကြောင်း ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများ ထံမှသိရသည်။

စက်တင်ဘာလ ဒုတိယအပတ်မှစ၍ တစ်နိုင်ငံလုံး မိုးရေချိန်များပြားမှုအတွင်း ပါဝင်သည့် အထက် ဖော်ပြပါ ကေအဲန်ယူ ခရိုင်နှစ်ခုရှိ စစ်တောင်းမြစ်ကမ်းနားတစ်လျှောက်မှ ကျေးရွာများ၊ တောင်ပေါ်ဒေသများ ရေကြီးရေလျှံမှု၊ တောင်ပြိုမြေပြိုမှု သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်တွေ့ကြုံနေရခြင်းဖြစ်သည်။

စစ်ကောင်စီက KNU ညောင်လေးပင်ခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှ လက်ရှိ အချိန်ထိ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခြင်း လုပ်ဆောင်ထားသဖြင့် ယခုလို သဘာဝဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရသည့်အခြေအနေတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ရသည်ဟု KNU မုန်းမြို့နယ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“တချို့နေရာတွေဆို ဆည်လွှတ်တဲ့အပေါ် တော်တော်ဆိုးတယ်။ အရင်တစ်ခါထက်တောင်ဆိုးတယ်။ ကျနော်တို့ဆီမှာက ၂၀၂၂ နောက်ပိုင်းကတည်းက ဖုန်းလိုင်းတွေဖြတ်ခံရတာတွေ တော်တော်ဆိုး ရွားလာတယ်။ အဲ့လိုဆိုတော့ ဒီလိုအချိန်မျိုးမှာ ဆက်သွယ်ရေးမကောင်းလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးတာ အဓိကပေါ့။ မုန်းဒေသတစ်ခုလုံးပါပဲ အဆင်ပြေသလို ချိတ်ဆက်နေရတယ်” ဟု ၎င်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မုန်းဒေသကဲ့သို့ ကေအဲန်ယူထိန်းချုပ်မှုအားကောင်းသည့် နေရာများသို့ ကယ်ဆယ်ရေး ဝင်ရောက်လိုသည့် မြို့ပြအခြေစိုက်အဖွဲ့များအား စစ်တပ်က ဝင်ခွင့်မပေးသဖြင့် ကေအဲန်ယူနှင့် ၎င်းဒေသအခြေစိုက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ အင်အားဖြင့်သာ ကူညီကယ်ဆယ်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အပါအဝင် ကျောက်ကြီးမြို့နယ်ရှိ ကညင်ကျ၊ ကြက်တက်ညောင်ပင်၊ သာစည်၊ ပဲသောင်၊ သောင်လယ် အစရှိသည်တို့နှင့် စစ်တောင်းမြစ်ကမ်းတစ်လျှောက် ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အတူ KNU တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်အတွင်း ရေကြီးမှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို တောင်ပေါ်ဒေသ သံတောင်ကြီးမြို့နယ်တွင်လည်း မြေတိုက်စားမှုကြောင့် တောင်ပြို၊ မြေပြိုမှုတို့အကြား ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်။

သံတောင်(၁၃)မိုင်နေ အမျိုးသမီးတစ်ဦးက “(၁၃)မိုင်မှာဆို ဓါတ်တိုင်နားမှာနေတဲ့အိမ်လောက်ပဲ ဆက်သွယ်လို့ရတယ်။ ဒါတောင် Mytel တစ်ခုတည်း။ ကျန်တဲ့လိုင်းကအဆင်မပြေဘူး။ ရပ်ကွက်(၃) အောက်ပိုင်းကအိမ်တွေဆို ဆက်သွယ်လို့မရဘူး။ လိုင်းရတဲ့နေရာရောက်အောက်သွားပြီး ဆက်ရတယ်” ဟု ပြောသည်။

၎င်းအပြင် လိပ်သိုဒေသ နေရာအများအပြားတွင် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုများ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခြင်းမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဖြစ်သည်။

ထိုအခြေအနေများကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်နေရာမှ ဒေသခံလူထုမှာ မြေပြင် အခြေအနေမှန်ကို အကူအညီတောင်းခံခွင့်မရတော့သလို ကယ်ဆယ်ရေးနှောင့်နှေးပြီး အသက်ဆုံးရှုံးနစ်နာမှုများဖြစ်စေ၍ စစ်ကောင်စီအနေဖြင့် ဆက်သွယ်ရေးမဖြတ်တောက်ရန် လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ-IPCM က လည်း စက်တင်ဘာလ(၁၄)ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။