ဩဂုတ် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနှံ့ရှိအကျဥ်းထောင်များတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာ မရရှိသဖြင့် အသက်သေဆုံးခဲ့ရသော အကျဥ်းသား (၁၀၁)ဦး ရှိလာကြောင်း မှတ်တမ်း တင်ထားသည့်အဖွဲ့များထံမှ သိရသည်။
အကျဥ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသူ/သားများ အကြောင်းအမျိုးမျိုးဖြင့် ထောင်အာဏာပိုင်များ၏ ကိုယ်ထိလက်ရောက်ရိုက်နှက်ခံရခြင်း၊ ရရှိသည့်ဒဏ်ရာများအတွက် ဆေးဝါးကုသမှုမပေးခြင် တို့ကြောင့် အသက်သေဆုံးမှုများ ဖြစ်ပွားခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM ပါဝင်သော အဖွဲ့(၆)ဖွဲ့က ဩဂုတ်လ(၂၃)ရက်နေ့ဖြင့် ပူးပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ဩဂုတ်လ(၁၉)ရက်နေ့က လွိုင်ကော်အကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသော မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းအား စစ်ကြောရေးမှရရှိလာသည့်ဒဏ်ရာများဖြင့် အင်းစိန်ထောင် ရောက်သည်အထိ လုံလောက်သောဆေးကုသမှုမပေးသောကြောင့် သေဆုံးခဲ့ရပြီး ၎င်းအပါအဝင် သေဆုံးသူ နိုင်ငံရေးအကျဥ်းသား (၁၀၁)ဦး ရှိလာသည်ဟု ဆိုသည်။
ထိုနေ့တစ်ရက်တည်းတွင် ဒိုက်ဦးအကျဥ်းထောင်အတွင်း အကျဥ်းသူများ ရေချိုးသည့်နေရာသို့ ထောင်ဝန် ထမ်းအမျိုးသားများ အဝင်အထွက်လုပ်သည့်ကိစ္စနှင့် စကားများကြရာ နိုင်ငံရေးအကျဥ်းသူ(၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထောင်အာဏာပိုင်များက လက်နက်များကိုင်ဆောင်၍ အမျိုးသမီးဆောင်သို့ သွားလာနေ၍လည်း အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရကြောင်း ပူးပေါင်းအဖွဲ့က အသိပေးထားသည်။
၎င်းတို့အနေဖြင့် ယခုလို နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများ ပုံစံမျိုးစုံနှင့်ဖိနှိပ်ခံနေရမှုအပေါ် မှတ်တမ်းတင်ဖော်ထုတ်၍ ကျူးလွန်သူများ အပြစ်ပေးအရေးယူနိုင်ရေး၊ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ ပူးပေါင်းထုတ်ပြန်ချက်တွင် PPNM အပြင် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP၊ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့-FPPS၊ နိုင်ငံရေးအကျဥ်းသူများအဖွဲ့-WOPP၊ ထောင်ဝင်စာပို့ကြမယ် အဖွဲ့နှင့် နွေဦးတမာန် နိုင်/ကျဥ်းကူညီရေးအဖွဲ့တို့ ပါဝင်သည်။
အာဏာသိမ်းမှုနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအားဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း (၂၇,၀၀၀)ကျော်ရှိသည့်အနက် (၉,၃၄၁)ဦးမှာ လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းလည်း AAPP က ပြုစုထားသည့်စာရင်းများအရ သိရသည်။



















