Home သတင်း သတင်းမီဒီယာဆိုင်ရာ အငြင်းပွားမှုရှိပါက KNU နှင့် IPCM တို့ ပူးတွဲ ညှိနှိုင်းအဖြေရှာမည်

သတင်းမီဒီယာဆိုင်ရာ အငြင်းပွားမှုရှိပါက KNU နှင့် IPCM တို့ ပူးတွဲ ညှိနှိုင်းအဖြေရှာမည်

808

ဩဂုတ် ၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း သတင်းရ ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းမီဒီယာ ဆိုင်ရာ အငြင်းပွားမှု တစ်စုံတရာ ဖြစ်လာပါက KNU နှင့် လွတ်လပ်သောမြန်မာ သတင်းမီဒီယာ ကောင်စီ-IPCM တို့ ပူးတွဲ ညှိနှိုင်းအဖြေရှာရန် ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါ အဖွဲ့ နှစ်ဖွဲ့၏ ဩဂုတ် ၇ ရက်နေ့ ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် လွတ်လပ်သောမြန်မာ သတင်းမီဒီယာ ကောင်စီတို့ ဩဂုတ် ၆ ရက်နေ့တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း သတင်းမီဒီယာမူဝါဒ ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့ပြီးနောက် ယခုလို နှစ်ဘက် ပူးတွဲထုတ်ပြန် ကြေညာချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ဆုံပွဲတွင် ကေအဲန်ယူက ပြီးခဲ့သည့် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည့် သတင်းမီဒီယာများ လိုက်နာ ရမည့် ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများအကြောင်း၊ မရှင်းလင်းသည်များကို နှစ်ဖက်ကိုယ်စားည်တို့ အပြန် ဆွေးနွေးခဲ့ကြသည်။

ကေအဲန်ယူအနေဖြင့် သတင်းမီဒီယာများကို ထိန်းချုပ်လိုခြင်းမဟုတ်ဘဲ အဆင်ပြေထိရောက်စွာ သတင်းရယူရန် အတွက်သာ ရည်ရွယ်ကြောင်း KNU က ရှင်းလင်းပြောဆိုခဲ့ပြီး ရရှိလာသည့် ရလဒ်ကို ယခုလို ပူးတွဲထုတ်ပြန်ခြင်း ဖြစ်သည်ဟု ကေအဲန်ယူ၏ ပြောရေ ဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

“လာမယ့် အနာဂတ်မှာ သတင်းလုပ်ငန်းကို ဘယ်လိုစီမံဆောင်ရွက်မလဲ ကေအဲန်ယူရဲ့ သဘောထား အရင်းအမှန်ကို လည်းဘဲ ပြောရင်းနဲ့ လက်တွေ့ ကျကျဘယ်လို ကျင့်သုံးကြမလဲ ဆိုတာ ဆွေးနွေးခဲ့တယ်” ဟု ၎င်းက ပြောသည်။

နေ့တစ်ဝက်ကြာပြုလုပ်ခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲသို့ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဆဲဂေး၊ တွဲဖက် အထွေထွေ အတွင်း ရေးမှူး(၂) ပဒိုစောလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး အပါအဝင် ကေအဲန်ယူ ၏ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ကော်မတီဝင်တို့ တက်ရောက်ခဲ့သည်။ အလားတူ လွတ်လပ် သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဘက်မှ ဥက္ကဋ္ဌ နန်းဖော့ဂေ၊ အတွင်းရေးမှူး ဦးတိုးဇော်လတ်နှင့် တွဲဖက် အတွင်းရေးမှူးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့သည်။

“အငြင်းပွားဖွယ်ရာ သုံးလေးခုပါတယ်။ ဥပမာ-ကေအဲန်ယူရဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်ဟာကို ပြောတာလဲ။ ဘယ်လို ဟာမျိုးကို ဂုဏ်သိက္ခာထိခိုက်တာလဲ ဆိုတာလေးတွေ၊ ကြိုတင်ပြီးရိုက်လာတာကို ယူကြည့်မယ်ဆို တာတော့ အန္တရာယ်ရှိတဲ့ သူတွေမျက်နှာပါသွားမှာစိုးလို့၊ အဲ့သတင်းပေါ်မှာ ထိန်းချုပ်လိုခြင်းမရှိဘူး ဆိုတာလေး တွေ တရားဝင်ပြန်ဖြေရှင်းတာလေးတွေပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ ညှိလို့နှိုင်းလို့ ရသွားတယ်” ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ(IPCM)ကို ၂၀၂၃၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ တစ်နေရာ၌ ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများ၊ တစ်သီးပုဂ္ဂလ သတင်းမီဒီယာသမားများ၊ တိုင်းရင်းသား မီဒီယာများနှင့် ဒေသအခြေပြုမီဒီယာများပါဝင်တက်ရောက်သည့် ဒုတိယ အကြိမ်ညီလာခံတွင် အတည်ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။