Home သတင်း မြဝတီမြို့တွင် လူပျောက်မှု၊ ဒုစရိုက်မှုများလာ

မြဝတီမြို့တွင် လူပျောက်မှု၊ ဒုစရိုက်မှုများလာ

759
Photo: CJ

ဩဂုတ် ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သော ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယခုလပိုင်းအတွင်း လူသေပျောက်မှု၊ ဒုစရိုက်မှုနှင့် ခိုးမှုများ ပိုမိုများလာသည်ဟု မြို့ခံများက ပြောသည်။

မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ဒေသအသီးသီးရှိမှ လူမျိုးပေါင်းစုံ လာရောက်အခြေချနေထိုင် လျက် ရှိပြီး ဒုစရိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကားပွဲစားဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးသွားသလို ယခုရက်ပိုင်းတွင်လည်း ပစ္စည်းပို့ဆောင်သူ နှစ်ဦးထက်မနည်း ဆက်သွယ်မရဘဲ ပျောက်ဆုံး သွားသည်ဟု မြို့ခံထံမှ သိရသည်။

“ပြောရမယ်ဆိုရင် လူပျောက်တာခဏခဏပဲ။ သတင်းထဲမပေါ်တာ၊ တချို့က ညအချိန်မထွက်နဲ့ ပြောထားတာ ကို ထွက်ကြတယ်။ သူများတွေ့တော့ ဖမ်းသွားတယ်။ ပြီးတော့ သူခိုးတွေပေါ့၊ ပစ္စည်းလိုက်ခိုးတော့ ဖမ်းမိပြီး သူများ ဘယ်ကို ခေါ်သွားလဲတော့မသိဘူး။ ပစ္စည်းပို့တဲ့လူ ပျောက်တာက အရင်ကလည်းရှိတယ်။ တချို့ဝေးတဲ့နေရာ ပစ္စည်း သွားပို့တာ ဖုန်းလိုင်းမရတော့ ၃ ရက်၊ ၄ ရက်ပျောက်သွားတယ်။ နောက်တော့ပြန်ပေါ်လာတာတွေလည်း ရှိတယ်။ အဲဒီပွဲစားလင်းမယားကတော့ ပျောက်တာကြာပြီး အခုထိသတင်းမကြားရ သေးဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ဩဂုတ် ၅ ရက်နေ့တွင် မြို့အနီး အမှိုက်ပုံတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများနှင့် လွှင့်ပစ်ခံထားရသည့် အမျိုးသမီး ရုပ်အလောင်းတစ်လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း မြို့ခံထံမှ သိရသည်။

အဆိုပါ လူပျောက်သူများထဲတွင် မြို့အတွင်းနေထိုင်သူမြို့ခံလည်းရှိသလို အချို့မှာလိပ်စာမရှိဘဲ အခြားဒေသမှ လာရောက်ပြောင်းရွှေ့လာသူများလည်း ပါဝင်ကြောင်း မြို့ခံတို့က ပြောဆိုသည်။

လက်ရှိမြဝတီမြို့ထဲတွင် ညအချိန်အပါအဝင် နေ့အချိန်တွင်လည်း လူနေအိမ်အတွင်း သူခိုးဝင်ခြင်း၊ နေအိမ်အတွင်း ရွှေငွေပစ္စည်းများ ဝင်ရောက်လုယက်ခြင်းလည်း ရှိလာသည်ဟု သိရသည်။

အခြားမြို့ခံတစ်ဦးကလည်း “နေ့ခင်းကြောင်တောင် အိမ်ထဲပစ္စည်း ဝင်လုသွားတာ တွေရှိတယ်။ တချို့ သူခိုးတွေဆိုရင် အိမ်ဝင်ပြီး သူများချက်ထားတာတွေကို အေးဆေးဆေးဆေး ဝင်စားသွားတာ တောင်ရှိတယ်။ တော်တော်တော့ လုံခြုံမှုမရှိဘူး။ သူတို့မှာ သူများအိမ်ထဲဝင်ရင် ဓားတွေပါတတ်တော့ အခန့်မသင့်ရင် ကိုယ့်ကိုထိုးသတ်သွားနိုင်တယ်၊ အဲလိုတွေရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မူခင်းဖြစ်ရပ်များအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်က သီးခြားအတည်ပြု ပြောဆိုခြင်း မရှိသလို မှုခင်း နောက်ဆက်တွဲ အခြေအနေများကို သီးခြားအတည်ပြုရန် ခက်ခဲသည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်။

မြဝတီမြို့တွင်းကို လက်ရှိအချိန်တွင် ကရင်နယ်ခြားစောင့်တပ်-BGF အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့နှင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင်အချို့လည်း မြို့လုံခြုံရေးအပိုင်း ဝိုင်းပါတာဝန်ယူ လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြို့ထဲတွင် ကာစီနို၊ လောင်းကစားလုပ်ငန်း ၊ ကျားဖြန့်ငွေလိမ်လုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်း ပိုမိုတွင်ကျယ် လာသည်ဟု မြို့ခံတို့ ပြောဆိုနေကြသည်။ တစ်ဖက်တွင်လည်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိစေရေးဆိုကာ နယ်ခြားစောင့်တပ် BGF ဘက်မှ မြို့လုံခြုံရေးအတွက် အင်အား ၂,၀၀၀ ချထားသည်ဟု BGF တာဝန်ရှိသူက ကေအိုင်စီသို့ ပြောဆိုထားသည်။