ဩဂုတ် ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့၊ နာရီစင်၌ ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည့် စစ်ကောင်စီ ထောက်ခံပွဲသို့ ရောက်ရှိလာသူများထဲတွင် မြို့ခံအနည်းငယ်သာ ပါဝင်ပြီး အများစုမှာ မျက်နှာစိမ်းများဖြစ်ကာ မဘသထောက်ခံသည့် ကျေးရွာအချို့မှ ဘုန်းတော် ကြီးများနှင့် နောက်လိုက်များဖြစ်သည်ဟု ထောက်ခံပွဲအနီးရောက်ရှိနေသူ ဒေသခံက ပြောသည်။
“သူတို့က ဒေသခံကရင်တွေကို ရှေ့ထွက်စကားတက်ပြောခိုင်းတယ် စင်ပေါ်မှာ၊ ကရင်လိုပြောခိုင်းတယ်။ ပြောတဲ့ သူက ဒီမြို့ထဲက မဟုတ်ဘူး ရွာကလာတဲ့သူဘဲ။ ထောက်ခံပွဲလာသူတွေက စစ်တပ်အသိုင်းအဝိုင်းက လူတွေနဲ့ မတွေ့ဖူးတဲ့ လူတွေများတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်တပ်ထောက်ခံပွဲတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် နိုင်ငံတော် အခြေပြုမိန့်ခွန်းကို ထောက်ခံကြောင်းနှင့် ၎င်းတို့၏ မျိုးချစ်ပြည်သူများက အကြမ်းဖက်သမားများကို ရှုပ်ချသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး လူအင်အား ခန့်မှန်း ၃၀၀ ဦးခန့် ပါဝင်ကာ အခြားမြို့မှ အင်အားပြ လာရောက်ပူးပေါင်း ပါဝင် ခဲ့သည်ကိုတွေ့ရသည်ဟု ပွဲအနီးရောက်ရှိနေသူက ဆက်ပြောသည်။
ထိုပွဲကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဟောပြောသူ အများစုသည့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်သည့် လားရှိုးမြို့စစ်ဆေးရုံ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို အကြောင်းပြုကာ ကန့်ကွက်ရှုတ်ချ ပြောဆိုခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ရှမ်းမြောက်ဒေသတိုက်ပွဲအရှိန်မြင့်နေစဉ် ကိုးကန့်တပ်-MNDAA တပ်ဖွဲ့ဝင်တစ်ဦးက စေတီတစ်ဆူအား တူဖြင့်ထုရိုက်နေသည့် ရုပ်သံတစ်ခုကိုအကြောင်းပြုပြီး စစ်ကောင်စီကို ထောက်ခံသည့် မဘသ အဖွဲ့များကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ရာ ဖားအံမြို့ရှိ မဘသအဖွဲ့ ကဦးဆောင်ကာ ကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်ခဲ့သေးသည်။



















