Home သတင်း တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီစခန်း ၃ နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီစခန်း ၃ နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်

684
Photo: CJ

ဩဂုတ် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ် စသည့် ၃ နေရာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဩဂုတ်၂၆ ရက်၊ ယနေ့တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂က ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၅၇)၊ မိုင်ခရိုဝေ့တာဝါတိုင်စခန်းနှင့်တနင်္သာရီတံတား စစ်ဆေးရေးဂိတ်များကို ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းစစ်ကြောင်း -၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၅၇)မှ တပ်ကြီး တစ်ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ဆေးရေး ဂိတ်မှ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်း အဖွဲ့ဘက်က ပြောဆိုသည်။

ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက “သေဆုံးမှုအခြေနေတွေကိုတော့ မြေပြင်သတင်းပေးတွေဆီကနေ သိရှိရတာပါ။ တစ်ရက်တည်းမှာပဲ သုံးနေရာ ကိုသွားရောက်တိုက်ခိုက်ခဲ့တာပါ။ အချိန်တွေတော့ မတူပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်စခန်းနေရာများ တိုက်ခိုက်ခံရပြီးနောက် ခမရ-၅၅၇ တပ်ရင်းနှင့် တံတားစစ်ဆေးရေး ဂိတ်ဘက်မှ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ကင်းပုန်းဝပ်နေရာယူခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု ရဲဘော်မျိုးကြီးက ဆက်ပြောသည်။

တိုက်ခိုက်ခံရသည့် တနင်္သာရီတံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာနေသည့် ဒေသခံများကို မကြာခဏ ပစ်ခတ်အန္တရာယ်ပေးသည့် ဂိတ်တစ်ခုဖြစ်သည့်အပြင် ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့တွင်လည်း ၎င်းဂိတ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကုန်ကားမောင်းသူတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁၊ ၂ တို့က ဦးဆောင်ခဲ့ပြီး စစ်ကြောင်း -၁ တွင် တနင်္သာရီပကဖဇုန်-၁၊ ဇုန်-၂၊ မြိတ်ခရိုင် တပ်ရင်း၂ တပ်ခွဲ-၁၊ မြိတ်ပကဖတို့ ပါဝင်ပြီး၊ စစ်ကြောင်း-၂တွင် တနင်္သာရီပကဖဇုန်-၃၊ ဇုန်-၄၊ ဇုန်-၅၊ဇုန်-၆၊ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၂ ၊ ကျွန်းစုပကဖ၊ တိုင်းပကဖလုံခြုံရေး၊ ဒရုန်းအဖွဲ့တို့ပါဝင်သည်ဟု မြိတ်ခရိုင်တပ်ရင်း-၂ ဘက်က ပြောဆိုသည်။