ဩဂုတ် ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၆၁) တပ်ရင်းမှ ထွက်ခွာလာသည့် တပ်အင်အား ၁၅၀ ဦး ဝန်းကျင်ပါ စစ်ကြောင်းကို ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဩဂုတ်၂၅ ရက်မှ စတင်၍ ခြောက်မိုင်ရွာနှင့် ထုံတော်ရွာအစပ်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယခုလိုနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။
၎င်းက “လက်ရှိမှာကတော့ စစ်ရေးအရ တင်းမာမှုတွေရှိနေတုန်းပဲ။ ရွာတစ်ရွာကို စစ်ကြောင်းထိုး တော့ မယ်ဆိုရင် လေယာဉ်နဲ့အရင် ဗုံးကြဲပြီးတော့ လမ်းကြောင်းရှင်းတယ်။ ပြီးမှ စစ်ကြောင်းထိုးဖို့ စလုပ် တယ်။ ပြီးခဲ့တဲ့ရက်တွေက လေကြောင်းတွေနဲ့ တိုက်ခိုက်ထားပြီးဆိုတော့ အခုစစ်ကြောင်းစထိုးတဲ့ သဘောမှာ ရှိနေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားကို ဖြတ်သန်း သွားလာခွင့် ပိတ်လိုက်ပြီး ဖြတ်သန်းသွားလာနေသည့် ကားအများစု ပိတ်မိနေသည်ဟု တနင်္သာရီမြို့ နယ်ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲတွေ ဖြစ်နေတယ်လို့တော့ ကြားတယ်။ အဲ့တော့ ဘယ်လမ်းမှ ပေးမသွားတော့ဘူး။ ရေလမ်းရော ကုန်းလမ်းရော။ ပြန်လည်းလှည့်လို့မရ၊ ရှေ့ဆက်လည်းသွားလို့မရတဲ့ အခြေနေမှာရှိနေတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့် ခြောက်မိုင်ရွာ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာအတွင်းရှိ လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၌ ဝင်ရောက်တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားနေချိန် ခြောက်မိုင်ရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသည့် စစ်ကောင် စီတပ်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်သည့်အပြင် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခမရ-၅၅၆၊ ခမရ-၅၅၇၊ ခမရ-၅၆၁၊ စစ်ကောင်စီအမြောက်တပ် အမတ-၃၀၆ နှင့် တနင်္သာရီတံတားကြီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။။



















