“တစ်ယောက်နဲ့ တစ်ယောက်စွဲချနေတဲ့ယဉ်ကျေးမှုက ကျမတို့နိုင်ငံမှာ ကြီးစိုးနေတယ်” Sisters 2 Sisters အဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဥ္ဇာရွှန်းလဲ့ရည်
Sisters 2 Sisters ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်နှင့် မေးမြန်းခြင်း
(ဩဂုတ်လ ၂၉ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)
လက်ရှိ တော်လှန်ရေးကာလအတွင်း အမျိုးသမီးများခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်ခံရမှု အမျိုးသမီး အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးအချင်းချင်း ဖေးမကူညီမြှင့်တင်ရေး စသည်တို့ကို အွန်လိုင်းမှတဆင့်လုပ်ဆောင်နေသည့် Sisters 2 Sisters အဖွဲ့ ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ မသဥ္ဇာရွှန်းလဲ့ရည် နှင့် တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ဆရာမတို့ အဖွဲ့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားလဲ ၊ အဖွဲ့အကြောင်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ကျမတို့အဖွဲ့က ပြောရမယ်ဆိုရင် ကနေဒါနိုင်ငံမှာအခြေစိုက်တဲ့ နိုဘယ်ဆုရှင် အမျိုုးသမီး ၆ ဦးကစုဖွဲ့ ထားတဲ့အဖွဲ့အစည်းကနေပြီးတော့မှ သူတို့က အမျိုးသမီးငယ်တွေကို ခွန်အားမြှင့်တဲ့ အစီအစဉ်ရှိပါတယ်။ နာမည်က Sisters 2 Sisters ဖြစ်တယ်။ အဲဒီအစီစဉ်ကို ၂၀၁၉ ခုနှစ် တက်ရောက်တဲ့အချိန်တုန်းက ဒီနာမည်ကိုအရမ်းသဘောကျခဲ့တယ်။ ညီအစ်မတွေ အမြဲတမ်း အပြန်အလှန် အားဖြည့်ရမယ်၊ ဒီအယူအဆတွေကိုလည်း သဘောတူတယ်။
၂၀၂၁ အာဏာသိမ်းနောက်ဆက်တွဲမှာ ကျမတို့နဲ့အတူ တော်လှန်ကြတဲ့ညီအစ်မတွေကို စစ်ကောင်စီက ရက်ရက်စက်စက် နှိပ်စက်တဲ့ပုံတွေကို အွန်လိုင်းပေါ်မှာ ဖြန့်တာလည်း ရည်ရွယ်ချက်ရှိရှိ ကြောက်စိတ်ဝင်အောင် လုပ်တယ်။ အမျိုးသမီးတွေက မျက်နှာတွေကို အရမ်းဂရုစိုက်သတိထားတယ်ဆိုတော့ ရုပ်ပျက်သွားတဲ့အထိ သူတို့က ရိုက်ပြ သွားတာ တမင်တကာလုပ်တယ်။ ဖြန့်တယ်လို့ ကျမတို့ကထင်တယ်။ ကိုယ့်ညီအစ်မတွေကို ပြန်အားပေးတဲ့အခါ ရုပ်ရည် ရူပက္ခာ ဘယ်လောက်ပဲပျက်သွားပါစေ ညီအစ်မတွေရဲ့တော်လှန်စိတ်ဓာတ်ကို အားပေးတယ်၊ အတူ ရပ်တည်တယ်ဆိုတဲ့သတင်းစကားက အွန်လိုင်းပေါ်မှာဖြန့်တဲ့အခါမှာ Sisters 2 Sisters နာမည်သုံးလိုက်တယ်။
အဲလိုသုံးလိုက်တဲ့အခါကျတော့ ဒီကမ်ပိန်းကို လူတွေသိတယ်လို့ ကျမထင်တယ်။ အဖွဲ့အစည်းဖြစ် လာဖို့က မမှန်းခဲ့ဘူး။ အဲမှာဘာမြင်လိုက်လဲဆိုတော့ ကျမလိုမျိုုးစဉ်းစားတဲ့ညီအစ်မတွေရှိတာ အများကြီးမြင်လိုက်ရတယ်။ သူတို့ တွေလည်း ဒီကမ်ပိန်းမှာပါဝင်တယ်။ အဲဒါပါဝင်တဲ့ညီအစ်မတွေက ပါဝင်တာမဟုတ်ဘဲ သူတို့တွေက အဖွဲ့အစည်း ထောင်ချင်တယ်ဆိုပြီး ပြန်ပြောလာကြတယ်။
ဒါဆို တော်လှန်ရေးကာလမှာ ကျမတို့အမျိုးသမီးတွေရဲ့အသံတွေ မလစ်ဟာရအောင်ရယ်၊ နောက်ညီအစ်မတွေလည်း အခုအချိန်ရှောင်တိမ်းနေရတဲ့အချိန်မှာ မပြောနိုင်တာတွေရှိတယ် ၊ မလုပ်နိုင်တာတွေရှိတယ်။ သူတို့အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကျမတို့ညီအစ်မအငယ်တွေပေါ့နော် ဂျူနီယာတွေက ဒီအချိန်မှ ဝင်လုပ်ရတော့မယ်၊ အဲချိန်မှာ အဖွဲ့အစည်းထောင်မယ်လို့ ဖြစ်သွားခဲ့တာပါ။ ပြောရမယ်ဆိုရင် တော်လှန်ရေးကာလမှာ လိုအပ်ချက်ပေါ် မူတည်ပြီးပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
မေး။ ။ လက်ရှိ အဖွဲ့လှုပ်ရှားမှုအခြေအနေတွေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ကျမတို့ စပြီးတည်တဲ့အချိန်မှာ ဖက်ဆစ်စစ်အုပ်စုကအမျိုးသမီးအပေါ် နှိမ့်ချစော်ကားတဲ့ အပြောအဆို အပြုအမူမှန်သမျှကို တန်ပြန်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စခဲ့တယ်။ သို့သော်အဖွဲ့အစည်းပုံစံ အခုလိုမျိူးစုဖွဲ့မှု ဖြစ်လာတဲ့အချိန်မှာ၊ ပြန်စဉ်းစားတဲ့အခါမှာ ကျမတို့လိုချင်တဲ့ ရလဒ်ပေါ့နော် အခုဆိုတော်လှန်ရေးမှာ တော်လှန်ရေး ရည်မှန်းချက် ဘာလဲလိုမေးရင် ကျမတို့ တော်လှန် ရေးရည်မှန်းချက်က စစ်အာဏာရှင်စနစ်ကင်းလွတ်ပြီးတော့မဟာဖိုဝါဒရဲ့ကျဆုံးမှုကို မြင်ချင်တယ်ပေါ့။
နောက်တစ်ခု ကျမတို့တွေ့ရတဲ့ဆက်စပ်မှုက စစ်အာဏာရှင်စနစ်က မဟာဖိုဝါဒကို လက်သုံးစကား ၊ လက်သုံးမူဝါဒ အနေနဲ့သူတို့ကိုင်စွဲတယ်။ သူတို့ရဲ့လုပ်ဟန်တွေ ပြောဟန်တွေကို တော်လှန်ရေး အင်အားစုထဲကို မကူးစက်သွားစေချင်ဘူး။ အဲလိုမျိုး တုန့်ပြန်မှု ပြောဆိုမှုတွေက မဟာဗျူဟာ ဖိုဝါဒဆန်လာပြီးဆိုရင် တန်ပြန်ဖို့လိုတယ်။ အဲဒါကို အခြေခံပြီး ကျမတို့ရည်ရွယ်ချက်က တနှစ်ပြီးတနှစ် ပိုခိုင်မာလာတယ်။ အဲဒါဘာလဲဆိုတော့ တရားမျှတမှုပြီးရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်တဲ့ တရားမျှတမှုနဲ့လွတ်လပ်မှု နောက်လူ့အခွင့်အရေး ဒီမိုကရေစီတွေ ကျယ်ပြန့်တဲ့လူ့အသိုင်းအဝိုင်းကို ကျမတို့ တည်ဆောက်ချင်တာဖြစ်တယ်။
အဲဒီရည်မှန်းချက်ပေါ်မှာ အခြေခံပြီး လုပ်ရမယ့် ရည်မှန်းချက်တွေက အများကြီးဖြစ်လာတယ်။ သို့သော် လက်ရှိ ကိုယ်တိုင်လုပ်နိုင်တာနဲ့ အခွင့်သာတဲ့ ဘာတွေလုပ်လို့အဆင်ပြေတာလဲဆို ကျမတို့ လုပ်တဲ့ လုပ်ငန်းစဉ် နှစ်မျိုးရှိပါတယ်။ တစ်ခုက ကမ်ပိန်းလှုပ်ရှားမှုတွေ လုပ်တယ်။ အွန်လိုင်းပေါ်မှာ စုဖွဲ့တာရှိတယ်။ အွန်လိုင်းပေါ်စုဖွဲ့တဲ့ အချိန်မှာ အားသာချက် အားနည်းချက်ရှိတယ်။ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာညီအစ်မတွေနဲ့ အတူစုဖွဲ့ နိုင်ခဲ့တယ်။
အဲလိုစုဖွဲ့ပြီး ကမ်ပိန်းလုပ်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကို နိုင်ငံတကာက ညီအစ်မတွေကို သတင်းစကားပေးဖို့ ရည်ရွယ်တယ်၊ အဲလိုကမ်ပိန်းမျိုး ကျမတို့လုပ်တယ်။ နောက်ပြီး Support Program ပေါ့၊ ကမ်ပိန်းတွေ လုပ်လို့မရအောင်။ ကမ်ပိန်းလုပ်တယ်ဆိုတာ အမျိုးသမီးတွေ ထကြပါ၊ လုပ်ကြပါ ရပ်ကြပါလို့ပြော နေရုံနဲ့ မရဘူး။ ဒီအမျိုးသမီးတွေ ထကြဖို့၊ ရပ်ကြဖို့ လိုအပ်နေတဲ့အထောက်အပံ့တွေက ဘာတွေလဲ၊ စိတ်ပိုင်းဆိုင်ရာဘာခက်ခဲနေကြလဲ၊ ရုပ်ပိုင်းဆိုင်ရာ ဘာခက်ခဲနေကြလဲ၊ ကျမတို့ သွားပြီးတော့ ရွေးချယ်လိုက်ကြတာတော့ လစဉ်သုံးပစ္စည်းဟာ အကောင်း ဆုံး နိုင်ငံရေးလက်နက်ဖြစ်တယ်လို့ ကျမတို့မြင်တာက ဒီလစဉ်သုံးပစ္စည်းက သိပ်ကို Magic ဆန်တယ်ပေါ့။
လူတွေက ဒီလစဉ်သုံးပစ္စည်းကိုသိပ်ပြီးမပြောကြဘူး။ သူ့ရဲ့ အရေးပါမှုကိုသိတယ်။ သို့သော် ထုတ် မပြောကြဘူး၊ ဒီအပေါ်မှာ အခြေခံတဲ့အလုပ်တွေ လုပ်ကြတာနည်းတယ်။ လူသားချင်းစာနာမှု အထောက်အပံ့ပေးတဲ့အခါ အမျိူးသမီးလစဉ်သုံးကို ထည့်မစဉ်းစားတာများတယ်။ အဲဒါကို လုပ်လိုက်ရင် ခဲတစ်လုံးနဲ့ ငှက်တွေအများကြီးထိ သလိုပဲ မြင်လာရတယ်။ ပြီးတော့ ဒီအမျိုးသမီးတွေ ရာသီသွေးနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်တွေ၊ ကြောက်လန့်မှုတွေ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ ကန့်သတ်တားဆီးတာတွေပေါ့၊ ဒါတွေလည်း ကျမတို့က လူထုကြားထဲမှာ အသိပညာ မြှင့်တင်ပေးခြင်းလည်း ဖြစ်တယ်။
လျှော်ဖွတ်လို့ရတဲ့အဝတ်တွေကို ကျမတို့ချုပ်တယ်၊ အဲ့ချုပ်တဲ့ဟာတွေအကုန်လုံးကို ကျမတို့ ညီအစ်မ တွေဆီကို ပို့ပေးတယ်။ ပို့ပေးရုံတင်မကဘူး ဒီဟာဘာကြောင့် လုပ်ရလဲရှင်းပြတယ် ။ လုပ်ရတဲ့ရည်ရွယ်ချက်တွေ သူ့ရဲ့အားသာချက်တွေ အဲဒါတွေပြောရင်းနဲ့ ကျမတို့အသိုင်းအဝိုင်းမှာ လစဉ်သုံးပစ္စည်းရာသီသွေးနဲ့ပတ်သက်တဲ့ အသိပညာတွေ မြှင့်တင်စေတာပေါ့နော်။ Support Program မှာ အဲဒီအလုပ်လေးတွေ လုပ်တယ်ပေါ့နော်။ တစ်ခြား လုပ်နေတဲ့လုပ်ငန်းတွေမှာက တရားမျှတမှုအခြေခံပြီး လုပ်တာဖြစ်တဲ့အတွက်ကြောင့် ကျမတို့နိုင်တဲ့နေရာကနေ Advocacy နဲ့ Campaign တွေကို ဆက်လုပ်လျက်ရှိပါတယ်လို့ လောလောဆယ် အဲလောက်ပဲပြောပါရစေ။
မေး။ ။ အဲလိုတွေလုပ်ဆောင်တဲ့အခါမှာ အဖွဲ့က တွေ့ရှိချက်ဖြစ်တဲ့ အမျိုးသမီးအိမ်တွင်း အကြမ်းဖက်မှုတို့ အမျိုးသမီးအခွင့်အရေး၊ ကြုံတွေ့နေရတဲ့စိတ်ပိုင်းဆိုင်ရာတွေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးလုပ်ပေးတာ ပုံစံစုံရှိတယ်။ ပုံစံစုံက ဒီဖြစ်ရ တွေဖြစ်နေကြတယ်။ သို့သော် Sisters 2 Sisters အဖွဲ့သည် တော်လှန်ရေးကာလမှာမှ ပေါ်ပေါက်လာ တဲ့အဖွဲ့ဖြစ်တော့ ဦးတည်ချက်က သတ်သတ်မှတ်မှတ်ရှိတယ်။ နံပါတ်တစ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရှိရမယ်။ အဆုံးသတ်တဲ့အခါ ကျမတို့ ဦးတည်ပစ်မှတ်က တော်လှန်ရေးသမားလို့ ခံယူထား တဲ့သူတွေ၊ တော်လှန်ရေးအစိုးရလို့ ခံယူထားတဲ့ သူတွေ ခေါင်းဆောင်နေရာမှာ Position ရှိနေတဲ့သူ တွေကို ပိုပြီးတော့ ကျမတို့က အရေးယူမှုလုပ်ရမယ်။
အိမ်တွင်းအကြမ်းဖက် Case တွေဖြစ်တိုင်းအရေးယူရမယ်ဆိုရင်တော့ Case တွေအများကြီး ဖြစ်နေဆဲဖြစ်တယ်။ ဒါပေမယ့် ကျမတို့မှာ အကုန်လုံးကို ပါဝင်ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိတယ်။ အချိန်အားဖြင့် လူအားဖြင့် အခက်အခဲရှိတယ် ကျမတို့က မဟာဗျူဟာကျတဲ့ Case တွေကိုင်တယ်။ အဲဒီပြီးခဲ့တဲ့ မထက်ထက်ဇော် Case မှာဆိုရင် သူကသာမန်ပြည်သူ လူငယ်တစ်ယောက်ပဲ၊ သူ့ကိုကျူးလွန်တဲ့သူက တော်လှန်ရေးသမားဖြစ်တယ်။ တော်လှန်ရေးသမားတစ်ယောက်က အရပ် သူတစ်ယောက်ကို ကျူးလွန်တဲ့ကိစ္စမှာ ဘယ်လိုနည်းနဲ့မှ လက်သင့် ခံလို့ မရတဲ့အတွက်ကြောင့်မို့ ပါဝင်ဆောင်ရွက်ခဲ့တာပါ။
ကျန်တဲ့ Case တွေကလည်း ကျမတို့အများကြီးကြားခဲ့ရတယ်။ အဲဒီမှာမှ ဆိုးဝါးပြင်းထန်တဲ့ကိစ္စ ပါဝင်တဲ့ အခါမှာ ရလာနိုင်တဲ့ သက်ရောက်မှု သတင်းစကားပေးချင်တယ်။ သတင်းစကား ဘယ်လောက် ပျံ့နှံ့နိုင်မလဲ အဲဒီအပေါ်မှာ ကျမတို့ ကြည့်တယ်။ အဲဒီမှာပါဝင်တဲ့ စွမ်းရည်ရှိလား စုဖွဲ့မှု အသစ်ဖြစ်နေတော့ အခက်အခဲတွေ ရှိတယ်။ စိန်ခေါ်မှု တွေရှိတယ်။ သို့သော်ကျမတို့ ဆောင်ရွက်နိုင်တဲ့အတိုင်းအတာကတဆင့် ဒါပေမယ့်တစ်ခုပြောချင်တာက ကြီးကြီးကျယ်ကျယ် ဝါဝင်ဆောင်ရွက်နိုင်တာတွေရှိတယ်။ မပါဝင်နိုင်တာတွေရှိတယ်။
သို့သော် ညီအစ်မတွေ အကြောင်းကြားလာတဲ့ Case တစ်ခုကိုမှ ကျမတို့ မေ့ပျောက်လိုက်တာမရှိပါဘူး ၊ အကုန်မှတ်တမ်း တင်ထားပါတယ်။ ထုတ်မပြောနိုင်သေးတာတွေရှိမယ်။ ညီအစ်မတွေက ခွင့်မပြု သေးလို့ မပြောနိုင်သေးတာတွေ ရှိတယ်။ ဒါပေမယ့် ဒီ Case တွေကို ဖျောက်ဖျက်သွားတာတွေမရှိဘူး၊ မေ့ပျောက်သွားတာ တွေမရှိဘူး။ တစ်ခုချင်းစီအတွက် တရားမျှတမှု ရကိုရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မေး။ ။ တော်လှန်ရေးကာလမှာ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဖြစ်ဖြစ် ဘယ်လိုတွေမြင်ရလဲ၊ ဆရာမတို့အဖွဲ့က ဘယ်လိုကူညီ လုပ်ဆောင်ပေးတာတွေရှိပါသလဲ ရှင်းပြပေးပါ။
ဖြေ။ ။ အဓိကတော့ မဲဆောက်မှာက တော်လှန်ရေးအင်အားစု အဓိကနေတဲ့နေရာဖြစ်တယ်။ မဲဆောက်မှာ အမျိုးသမီး ၂၀၀ ကျော်ကို ဆန်းစစ်တဲ့ဆန်းစစ်ချက် စစ်တမ်းကောက်ယူမှုလုပ်ခဲ့ပါတယ်။ အမျိုးသမီး၂၀၀ ကျော်ကို ဆန်းစစ်မေးတဲ့အခါမှာ အထူးသဖြင့် ဒီညီအစ်မတွေ ပြန်ပြီးတော့ ထူထောင် ရေးကို ဦးတည်ပြီးမေးခဲ့ပါတယ်။ သို့သော် ဒီစစ်တမ်းရလဒ်က အရမ်းထူးဆန်းတာက ကျမတို့မေး တဲ့မေးခွန်းအတွက် အဖြေမရခဲ့ဘူး။ ဘာတွေ့ရှိ ချက်ရခဲ့သလဲဆိုတော့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ဖြစ်ရပ်တွေ အမြတ်ထုတ်တဲ့ ဖြစ်ရပ်တွေ နှိမ့်ချခွဲခြားတဲ့ ဖြစ်ရပ်တွေက အများဆုံးဖြစ်တယ်။
အဲဒီကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ ကျမတို့ညီအစ်မတွေက အရေးပေါ်ဆောင်ရွက်တဲ့ကိစ္စတွေရဲ့ရလဒ်ကိုရခဲ့တယ်။ အဲဒါက အားကောင်းတဲ့ သက်သေတစ်ခု ဖြစ်လာတယ်။ ကျမတို့အဖွဲ့ အနေနဲ့ရော ကျန်တဲ့မဲဆောက်မှာ အခြေစိုက်တဲ့ စုဖွဲ့တွေ အနေနဲ့ တကယ် Alarm လိုမျိုးခေါင်းထဲမှာ မြည်သွားတယ်။ ဒါသည်ကျမတို့ သိလိုက်တဲ့ Case ဟာ ကျမတို့လို အခုမှစဖွဲ့တဲ့အဖွဲ့တောင်မှ တစ်လကိုအနည်းဆုံး Case ၃ ခုလောက် ရောက်လာတယ်။
အခုဒီစစ်တမ်းအရဆိုရင် ဒီထက်မက များနိုင်တယ်ဆိုတာပိုပေါ်လာနိုင်တယ်။ ကျမတို့ဆီ လာမ ပြောဖြစ်တာ။ လာပြောလိုက်ရင်သူတို့မှာ စိုးရိမ်ချက်တွေရှိတယ်။ နေရာပျောက်သွားမှာ ကြောက်ကြ တယ်။ အချက်အလက် ဘာအထောက်အထားမှ မရှိကြဘူး၊ မပြောရဲဘူး။ သို့သော်ဖြစ် နေတယ် ဆိုတာကျမတို့သိနေရပြီး။ မြန်မာပြည်ထဲမှာ တရားဥပဒေ မရှိသလောက်ဖြစ်တယ်။ ထိုင်းနိုင်ငံ ထဲမှာတော့ ကိုယ့်ညီအစ်မတွေ လုံခြုံကြစေချင်တယ်။ ကျမတို့ ဆက်ပြီး ကြိုးစားရမယ်လို့တော့ ဆုံးဖြတ်ကြတယ်။
အိမ်တွင်းအကြမ်းဖက်မှုက တော်လှန်ရေးကာလအတွင်းမှာလည်းဖြစ်တယ်။ တော်လှန်ရေးမတိုင်ခင်၊ တော်လှန်ရေး ပြီးသွားရင်လည်း ဆက်ဖြစ်နေမှာပဲ။ သို့သော် ပပျောက်ဖို့ မဖြစ်နိုင်ရင်တောင်မှ လျော့နည်း သွားဖို့ကျမတို့ ကြိုးစား နိုင်တယ်။ တော်လှန်ရေးဆိုတာအဲဒါပဲ။ ဘာလို့တော်လှန်တာ လဲဆိုတာ ရှိနေကြဖြစ်ရပ်တွေကို လုံးဝမဖြစ်တော့ အောင်၊ လျော့သွားအောင် လုပ်နိုင်ခြင်းက တော်လှန်ရေး အစစ်ပဲလို့ ကျမတို့ မြင်တယ်။
မေး။ ။ ဒီကိစ္စတွေကို ကူညီဖြေရှင်းဖို့ ဘယ်လို နည်းလမ်းတွေနဲ့ လုပ်နေလဲ။
ဖြေ။ ။ ကျမတို့အမျိုးသမီးအဖွဲ့အစည်းဆိုရင် နိုင်ငံရေးအကြောင်းတွေပြောမယ်၊ စစ်အုပ်စုရဲ့ အမျိုးသမီးအပေါ် နှိမ့်ချစော်ကား လိင်ပိုင်းအကြမ်းဖက်မှုတွေကို နှိုးဆော်တိုက်တွန်းတာတွေလုပ်မယ်။ အခုချိန်မှာ စစ်အုပ်စုတစ်ခုထဲ တင်မရတော့ဘူး။ ကိုယ့်ညီကိုမောင်နှမတွေ ကိုယ့်ရဲ့ဘော်ရဲ ဘက်တွေကျူးလွန်တာတွေရှိတယ်။ မျက်ကွယ် ပြုလို့ လုံးဝမရဘူး။ ဒါတွေကိုမျက်ကွယ် ပြုလိုက်ရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုဆက်ပြီးတော့ ကျူးလွန်တာဖြစ်တယ်။
ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်ရှင်သန်နေသ၍ တော်လှန်ရေးရည်မှန်းချက် ဘယ်တော့မှမရောက်ဘူး ၊ ငကန်းသေရင် ငစွေပဲပေါ်လာလိမ့်မယ်။ အဲဒီအတွက်ကို အလုပ်နှစ်ခုကို တပြိုင်ထဲလုပ်ရတယ်။ စစ်အုပ်စု လုပ်တဲ့ အလုပ်တွေကိုလည်း ကျမတို့က ပြောရဟောရတယ်။ အမျိုးသမီးအဖွဲ့အနေနဲ့ ပြောတာပေါ့နော်။ ပြီးရင်ကိုယ့်အတွင်းထဲမှာ ဖြစ်နေတဲ့ အမျိုးသမီးတွေကို နှိမ့်ချတဲ့ရှေးရိုးစွဲ အယူဝါဒတွေကို ဆန့်ကျင်နေဖို့လိုတယ်။ အဲနှစ်ခု တစ်ပြိုင်ထဲလုပ်ရတော့ တော်တော်လေး အလုပ်များနေတယ်။
မေး။ ။ အဖွဲ့က ကူညီပေးမှုလုပ်ဆောင်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေရှိလဲ။ ဥပမာ ငွေကြေး ပိုင်း၊ ဥပဒေပိုင်း၊ အမျိုးသမီးတွေ ကိုယ်တိုင် ပါဝင်လာဖို့ စတဲ့အခက်အခဲတွေ ပြောပြပေးပါဦး။
ဖြေ။ ။ အခက်အခဲကတော့ အများကြီး မလုပ်နိုင်သေးဘူး။ အခုမှစပြီး လုပ်နေတာဖြစ်တယ်။ စပြီးလုပ်တုန်းက ကျမတို့အဖွဲ့ဝင် အဖွဲ့အစည်းအနေနဲ့ တရားဝင်တင်ထားတာတွေ မရှိဘူး။ အွန်လိုင်း ပေါ်ကနေပဲ အဓိက လုပ်တာ ရုံးတောင်ကျမတို့မှာမရှိဘူး။ ညီအစ်မတွေ စုဖွဲ့ပြီးတော့ တနိုင်တပိုင်လုပ်ကြတာဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ကျမတို့မှာအရင်းအမြစ်ပိုင်း ဆိုင်ရာ အခက်အခဲရှိတယ်။ လူသားအရင်းမြစ်၊ ငွေကြေးဆိုင်ရာ၊ နည်းပညာ ဆိုင်ရာ ဥပဒေပိုင်းဆိုင်ရာ၊ ဒါတွေလည်းအခုက အစကနေ ပြန်ပြီးသင်ယူနေရတာ။ မြန်မာပြည်က ဥပဒေအသုံး ပြုလို့ မရတဲ့အခါမှာ ထိုင်းနိုင်ငံက ဥပဒေ ထိုင်းနိုင်ငံမှာလည်း သူတို့လုပ်ထုံးလုပ်နည်းတွေရှိတယ်၊ အဲဒါကိုလည်း ကျမတို့ပြန်သင်ယူရတယ်။
ကျမတို့အတွက်အကုန်လုံးက အသစ်ဖြစ်တယ်။ အခက်အခဲအများကြီးရှိတဲ့အထဲမှ အဓိကအကျဆုံး အခက်အခဲက လုံခြုံရေးအခက်အခဲဖြစ်တယ်။ ဦးဆောင်ပါဝင်တဲ့ ညီအစ်မတွေဆိုရင် သူ့ကိုယ်ပိုင် လုံခြုံရေးအကုန်လုံးကို ရင်းပြီး လုပ်ရတာဖြစ်တယ်။ အဲဒီအတွက် ဘယ်လောက်ထိ လုပ်နိုင်အုံးမလဲ မသိဘူး။ ဘာလို့လဲဆိုတော့ လုံခြုံရေးကိစ္စက ဘယ်သူ့ကိုမှ ကျမတို့ဖိအားမပေးသေးဘူး ။ နိုင်သလောက်တော့ ရုန်းအုံးမယ်ဆိုတဲ့အနေအထားမျိုးပေါ့။
မေး။ ။ နောက်ဆုံးအနေနဲ့ နောက်ထပ်ဘာဖြည့်စွက်ပြောချင်တာရှိပါသလဲ။
ဖြေ။ ။ ကျမတို့ Sisters 2 Sisters ဆိုတဲ့နာမည်အတိုင်းပဲပေါ့နော်၊ တော်လှန်ညီအစ်မများကနေ တော်လှန်ညီမများဆီသို့ တော်လှန်ရေးမှာပြောကြတာရှိတယ်။ ငါတို့ မှာငါတို့ရှိတယ်ဆိုတဲ့စကားလေးက ကြားလိုက်ရင် ပေါ့ပေါ့တန်တန်လိုပဲ။ သို့သော် သေချာပြန်တွေးကြည့်ရင် တကယ့်ခွန် အားဖြစ်စေ တဲ့စကား ဖြစ်တယ်။ ကျမတို့ ညီအစ်မတွေမှာ ညီအစ်မတွေရှိတယ်။ အမျိုးသမီးတစ်ယောက် ရင်ဆိုင်ရတဲ့ အခက်အခဲကို အမျိုးသမီးတွေပဲ နားလည်တယ်။
အဲဒီအခက်အခဲတွေကို အမျိုးသမီတွေက ပိုပြီးဖေးမဖို့လိုတယ်။ နိုင်ငံရေးလုပ်နေတဲ့အမျိုးသမီးပဲဖြစ်ဖြစ် ၊ တော်လှန် ရေးလုပ်နေတဲ့အမျိုးသမီးတွေဖြစ်ဖြစ် သူတို့ဘယ်လိုတွေရင်ဆိုင်နေရလဲဆိုတာ ထုတ်မပြော ရင်တောင်မှ ကျမတို့ ညီအစ်မတွေက မှန်းဆကြည့်လို့ ရတယ်။ အဲဒီတော့ ကျမတို့က နားလည်မှုပို ပေးနိုင်တယ်။ ဖေးမမှုထပ်ပေးလိုက်မယ်ဆိုရင် ညီအစ်မတွေအချင်းချင်း အားပေးမြှင့်တင်ကြတဲ့ အသိုင်း အဝိုင်းဖြစ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်စွဲချနေတဲ့ယဉ် ကျေးမှုက ကျမတို့နိုင်ငံမှာ ကြီးစိုးနေတယ်။ အဲဒီယဉ်ကျေးမှုကို ကျမတို့ရပ်တန့်ဖို့ လိုပြီး အချင်းချင်း အားပေးမြှင့်တင်ပြီးတော့ အသိုင်းအဝိုင်းတစ်ခုလုံးအမျိုးသမီးထု တစ်ခုလုံးက တပြေးညီ အရှေ့ရောက် မှသာလျှင် နိုင်ငံရေးနေရာတွေ Position တွေ ဆုံးဖြတ်ရတဲ့ တနေရာကို ရောက်မှာ ဖြစ်ပါတယ်။ အဓိကသွေးစည်းညီညွတ်ဖို့ အမျိုးသမီးထဲမှာလည်း သွေးစည်းညီညွတ်မှုကို နက်နက်ရှိုင်းရှိုင်းပြနိုင်အောင် တစိုက်မတ်မတ် တစ်စိတ်တစ်ပိုင်း ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။