Home သတင်း OKRSO က ကြီးမှူးကျင်းပသည့် ဘန်ကောက်လက်ချည်ပွဲ ၅,၀၀၀ ဦးကျော် တက်ရောက်

OKRSO က ကြီးမှူးကျင်းပသည့် ဘန်ကောက်လက်ချည်ပွဲ ၅,၀၀၀ ဦးကျော် တက်ရောက်

625

ဩဂုတ် ၁၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO က ကြီးမှူးကျင့်ပသည့် လက်ချည် ပွဲသို့ ထိုင်းရောက် ကရင်တို့နှင့် လူမျိုးပေါင်းစုံ ၅၀၀၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု အခမ်းအနားတက်ရောက် ခဲ့သူများက ပြောသည်။

“ဒီနေ့ ပွဲက တော်တော်လေးစည်ကားတယ်။ တစ်နှစ်ထက်တနှစ် ပိုစည်ကားလာတယ်။ ထိုင်းဘုရင့်‌တော်ဝင် မိသားစုက ကိုယ်စားလှယ်လည်း တက်ရောက်ချီးမြှင့်တယ်။ ထိုင်းနိုင်ငံရေးပါတီ အသိုင်းအဝိုင်းနဲ့ စုစုပေါင်း လူ ၅၀၀၀ ကျော် ၆၀၀၀ ဝန်းကျင်ထိ တက်ရောက်တယ်၊ အခုထိ မပြီးသေးဘူး။ ညမှာဖျော်ဖြေပွဲ ရှိသေးတယ်” ဟု အခမ်းအနား လုံခြုံရေးအပိုင်း ကူညီတာဝန်ယူပေးနေသည့် ဒေါကလု Network ဥက္ကဌ၊ စောယအယ့်နာက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားကို ဘန်ကောက်မြို့ရှိ၊ လားမေလ်ထစွယ်-အမှတ် ၁၀၉ ၊ ဝပ်ဘုရားစူလေး ဘုန်းကြီးကျောင်း၌ မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ပြီး၊ အားကစားပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သလို ညပိုင်းတွင် ကရင်အနုပညာရှင်တို့က ဖျော်ဖြေရေးအစီအစီ များဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

“ကျနော်ကတော့ တာဝန်ပေးချက်အရ အခမ်းအနားမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ လူတွေကြိတ်ကြိတ်တိုး စည်းကားတာတွေ့ရတယ်” ဟု ကရင်လူငယ် စောထူးထူးစတင်းက ကေအိုင်စီသို့ ပြောသည်။

ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ ကူညီစောင့်ရှောက်ရေးအဖွဲ့- OKRSO အနေဖြင့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်မှာ ယခုတစ်ကြိမ်အပါအဝင် စုစုပေါင်း ၃၂ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဖြစ်သည်ဟု အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။