Home သတင်း ၁၅ နှစ် ကြာရပ်နားထားသည့် CIDKP သတင်းလွှာပြန်ထုတ်ရန် ပြင်ဆင်နေ

၁၅ နှစ် ကြာရပ်နားထားသည့် CIDKP သတင်းလွှာပြန်ထုတ်ရန် ပြင်ဆင်နေ

575
Photo-CIDKP

ဩဂုတ် ၃၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်က စတင်ထုတ်ဝေခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ၁၅ နှစ်ခန့်ထုတ်ဝေမှုရပ်နား ထားသည့် CIDKP သတင်းလွှာပြန်ထုတ်ရန် ပြင်ဆင်လျက်ရှိသည်ဟု CIDKP ၏ ဒေသအတွင်းပူးပေါင်း ဆောင်ရွက်မှုတာဝန်ခံ က ပြောသည်။

အဆိုပါ သတင်းလွှာ ပြန်လည်ထုတ်ဝေရန် CIDKP အနေဖြင့် ၎င်းတို့၏ ဒေသအသီးသီးရှိ အဖွဲ့ဝင်များကို သတင်း မီဒီယာဆိုင်ရာ ရက်တိုသင်တန်းပေးခြင်းကို ဩဂုတ်လ ၂၆ မှ ၃၁ ရက်နေ့ထိ ဖားအံခရိုင်၊ ကလိုယော်လေးရှိ CIDKP ရုံး၌ ပြုလုပ်လျက်ရှိသည်ဟု သင်တန်းတာဝန်ခံများထံမှ သိရသည်။

“အခု CIDKP ရဲ့ ကွင်းဆင်းအဖွဲ့ဝင်တွေကို သတင်းအခြေခံသင်တန်းပေးနေပါတယ်။ ပြီးရင်သူတို့ ခရိုင်ကို ပြန် ရောက်တဲ့ အချိန် ခရိုင်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့ အခြေအနေကို အများသိအောင် ပြန်ရေးသားပြီး CIDKP ရုံးချုပ်ကို ပို့မယ်။ ဒီကတစ်ဆင့် ကျနော်တို့ ထုတ်ဝေမှု ရပ်နားထားတဲ့ သတင်းလွှာပြန်ထုတ်နိုင်ဖို့ ပြင်ဆင် နေပါတယ်” ဟု CIDKP သင်တန်းတာဝန်ခံက ပြောသည်။

ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP သည် ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ကော်မတီအနေဖြင့် ပြည်တွင်းစစ်ကြောင့် အခက်အခဲကြုံနေရသည့် ဒေသခံပြည်သူ များကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးခြင်း၊ လူမှုအခြေခံ အကာအကွယ်ပေးခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း စသည်တို့ကို ကေအဲန်ယူ စီမံအုပ်ချုပ်နေသည့် ဒေသများ၌ လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အထက်ပါလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာဒေသအတွင်းရှိ ဌာနေဒေသခံ စစ်ရှောင်ပြည်သူများ၏ ပကတိအခြေအနေကို အများသိရန် ရည်ရွယ်ကာ ၂၀၀၀ ပြည့်နှစ်မှစ၍ ပြည်တွင်းသတင်းဟု အမည်ပေးထား သည့် (Inside News) သတင်းလွှာကို ၂၀၀၉ ခုနှစ်ထိ အင်္ဂလိပ်နှင့် ကရင်ဘာသာစကားဖြင့် ထုတ်ဝေခဲ့ဖူးသည်ဟု CIDKP အဖွဲ့ဝင်များထံမှ သိရသည်။

“သင်တန်းမှာ သိရှိလာတဲ့ သတင်းစုဆောင်းတင်ဆက်မှုတွေ၊ မှတ်တမ်းဓါတ်ပုံ ဆိုင်ရာတွေကို ကိုယ့်တာဝန်ကျတဲ့ နေရာကို ပြန်ရောက်ရင် ရသလောက် သတင်းအချက်အလက်စုဆောင်း၊ ပေးပို့ မှတ်တမ်းတင်သွားဖို့ ရှိပါတယ်” ဟု တပ်မဟာ-၂၊ တောင်ငူခရိုင်မှ သင်တန်းတက်ရောက်လာသူ သင်တန်းသားတဦးက ပြောသည်။

ယခုလို ၁၅ နှစ်ကြာရပ်နားထားပြီး CIDKP သတင်းလွှာပြန်ထုတ်မည့် အပေါ် အနယ်နယ်အရပ်ရပ်မှ ကရင်တတ် သိပညာရှင်များနှင့် ကရင်ပြည်သူတို့ အကြံပြုမှုများ ပြုလုပ်ပေးပို့နိုင်သလို ဒေသတွင်း သတင်းအခြေအနေများ ကိုလည်း CIDKP သို့ ပို့ပေးနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။