ဩဂုတ် ၂၇ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်သို့ ယနေ့နံနက် တစ်နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီက Y-12 ဂျက်ဖိုက်တာဖြင့် ဗုံးအလုံး ၅၀ ကြဲချတိုက်ခိုက်ခြင်းကြောင့် ဒေသခံအမျိုးသား ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိသွားသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ထုတ်ပြန်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့၊ မြို့အုတ်ကျင်းရပ်ကွက်နေ အသက် ၆၀ အရွယ် ဦးဖိုးလူနှင့် အသက် ၅၀ အရွယ် ဦးအောင်နိုင်တို နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လေကြောင်း ပစ်ခတ်မှုများကြောင့် အုတ်ကျင်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၁) အခြေခံပညာမှုလတန်းကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်း ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်ဟု TNLA က ပြောသည်။
ထိုသို့ စစ်ကောင်စီက တကျော့ပြန်လေကြောင်းတိုက်ခိုက်မှုများကြောင့် သီပေါမြို့ရှိ ဒေသခံ ၃,၀၀၀ ဦး ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးရာသီကာလ ဖြစ်သောကြောင့် အဆိုပါ စစ်ဘေး ရှောင်များအနေဖြင့် စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။

“သီပေါမှာက စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ကျော် ကနေ ၃,၀၀၀ကျော်အထိ ရှိတယ်။ တချို့ဒေသခံတွေကျတော့ နေ့ဘက်တွေမှာ ကိုယ့်အိမ်တွေမှာဘဲကိုယ်နေပြီးတော့ ညဘက်ရောက်တဲ့ အချိန်မှဘဲ ရွှေ့ပြောင်းနေကြတာတွေ ရှိတယ်။ စစ်ဘေးရှောင်တွေအတွက် စောင်တွေလည်းလိုတယ်၊ ခြင်ထောင်တွေအဓိက လိုအပ်ချက် ဖြစ်တယ်။ နောက်တစ်ခုကတော့ စားနပ်ရိက္ခာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ရှမ်းမြောက် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကူးသန်းရောင်းဝယ်ရေးခက်ခဲပြီး ကုန်ဈေးနှုန်းဆက်တိုက် မြင့်တက်လျက်ရှိသလို စစ်ဘေးရှောင်ဒေသခံများအနေဖြင့် အစားအသောက်များကို ဈေးကြီးပေး၍ဝယ်ယူ စားသောက်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
သီပေါမြို့အတွင်း ဩဂုတ် ၁ ရက်နေ့မှ ၂၇ ရက်ထိ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၀ ဦး အပါအဝင် ၅၉ ဦး ထိမှန်ဒဏ်ရာရရှိ ခဲ့သည်ဟု တော်လှန်ရေးတပ်ဘက်မှ ထုတ်ပြန်ချက်များအရ သိရသည်။



















