Home သတင်း လားရှိုး(ရမခ) တိုက်ပွဲအတွင်း ကျဆုံး၊ ဒဏ်ရာရ၊ အရှင်မိနှင့် လက်နက်ချအညံ့ခံသူများတွင် စကခ(၁၂)မှ စစ်ဆင်ရေးမှူးအပါအဝင် တပ်ရင်းမှူးအရာရှိစစ်သည်များပါဝင်

လားရှိုး(ရမခ) တိုက်ပွဲအတွင်း ကျဆုံး၊ ဒဏ်ရာရ၊ အရှင်မိနှင့် လက်နက်ချအညံ့ခံသူများတွင် စကခ(၁၂)မှ စစ်ဆင်ရေးမှူးအပါအဝင် တပ်ရင်းမှူးအရာရှိစစ်သည်များပါဝင်

980
Photo: Crd.

ဩဂုတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချူပ်(ရမခ) သိမ်းပိုက်သည့် တိုက်ပွဲအတွင်း ကျဆုံး၊ ဒဏ်ရာရ၊ အရှင်မိနှင့် လက်နက်ချအညံ့ခံသူများထဲတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်ဆင် ရေးကွပ် ကဲမှုဌာနချုပ် (စကခ ၁၂) မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး( မိမိကိုယ်မိမိ အဆုံးစီရင်သူ) အပါအဝင် တပ်ရင်းမှူးအရာရှိအရာခံ အကြပ်စစ်သည်များပါဝင်ကြောင်း တပ်မိသားစုနှင့်နီးစပ်သူများက ပြောသည်။

လားရှိုး(ရမခ) ဌာနချုပ် သိမ်းပိုက်သည့် တိုက်ပွဲဖြစ်စဉ်အတွင်း စကစ ၁၂ စစ်ဆင်ရေးမှူးအပါအဝင် (ကော့ကရိတ်) နဘူးကျေးရွာ ‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေစိုက် ခြေလျင်တပ်ရင်း -ခလရ ၅၄၈/၅၄၉ တပ်ရင်းနှစ်ခုမှ တပ်ရင်းမှူး နှင့် အရာရှိ အရာခံ အကြပ်စစ် သည်များ ကျဆုံးသည့်အပြင် MNDAA နှင့် မဟာမိတ်ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံသူများရှိနေကြောင်း နဘူးစစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများ နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

” စကခ ၁၂ မှာ တပ်စု/စစ်ကြောင်းစုတော့ ၅၄၈/၅၄၉ တပ်ရင်း ၂ ခုက တပ်တွေ ဒေါနတောင်ပေါ်က ပြန်ခေါ်တဲ့ တပ်တွေစုပြီး လားရှိုးကို တက်ရတာပေါ့နော်။ ဇူလိုင်လထဲမှာပဲပေါ့နော့်၊ ပြီးခဲ့တဲ့ ၃ ရက်က သတင်းရကြတယ်။ သူတို့မိသားစုတွေက သူတို့ တပ်ရင်းမှူးတွေ၊ စစ်ဗိုလ်တွေ၊ ရဲဘော်တွေ သေတယ်။ ကိုးကန့်တပ်တွေက အရှင်မိကုန်တယ်။ တချို့လက်နက်ချတဲ့ အထဲပါတယ်။ ဒဏ်ရာရနေတာတွေလည်း ရှိတယ်ဆိုပြီး ပြောလာတယ်။ နဘူးစစ်တပ်မိသားစုဝင်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ နောက်တန်းအရာရှိများက တပ်ထဲတွင် တရားဝင်အသိပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းမရှိသည့်အတွက် တပ်မိသားစုဝင်များအကြား မကျေမနပ်မှုများ ဖြစ်ပေါ် လျက်ရှိသည်ဟုလည်း အဆိုပါ တပ်မိသားစုဝင်နှင့်နီးစပ်သူက ဖြည့်စွက်ပြောဆိုသည်။

၎င်းအပြင် ကော့ကရိတ် (စကခ-၁၂ ) စစ်ဆင် ရေးမှူးဗိုလ်မှူးကြီး အောင်ကျာ်မိုးသည် ဇူလိုင်လ ၃၀ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွက် စစ်ကူတိုက်ခိုက်ရန် အင်အား ၄၀၀ ဖြင့်လာစဉ် တန့်ယမ်း မြို့နယ်ဝမ်ပန်ရွာ အနီးတွင် MNDAA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံမှုတွင် အကျအဆုံးများပြီး စစ်ကြောင်းပျက်သည့်အတွက် နောက်တန်းပြန်အရေးယူခံရမည့် အခြေအနေအပေါ် စစ်ဆင်ရေးမှူးက မိမိကိုယ်အဆုံးစီရင်ခဲ့ကြောင်း စစ်ကောင်စီတပ် ဝါဒဖြန့်ချိရေးသတင်း ဖြန့်ဝေမှုများအရ သိရှိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)သိမ်းပိုက်ခံရမှုတွင် အရာရှိကြီးများ ဖမ်းဆီးခံ ရကြောင်း ယနေ့ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန် ပြောဆိုထားသည်။

ယခုလက်ရှိတွင် နဘူးကျေးရွာရှိ ခလရ ၅၄၈/၅၄၉ တပ်ရင်း ၂ ခု နေရာအနီး ဝန်းကျင်ကျေးရွာများတွင် ကရင်နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များက ကျေးရွာချင်း ဆက်လမ်းပိုင်းများအား လုံခြုံရေးချထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။