ဩဂုတ် ၁၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ၊ နယ်စပ်ဂိတ်ကို နှစ်လကြာ ပိတ်ထားရာမှ မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုမှုအပြီး နှစ်ဖက်တာဝန်ရှိသူတို့ ညှိနှိုင်းကာ ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် လူသွားလာခွင့်အတွက် ဂိတ် ပြန်ဖွင့် ပေးလိုက်သည်ဟု နယ်စပ်သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူတို့က သွားလာခွင့် ပိတ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ နယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် ကူးသန်းသွားလာရေး အဆင်မပြေမှု များကြောင့် ဂိတ်ပြန်ဖွင့်ရန် မြန်မာအလုပ်သမားများက ဩဂုတ် ၁၅၊ ၁၆ ရက်နေ့တို့တွင် ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။
ထို့နောက် ဩဂုတ် ၁၇ ရက်နေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူတို့ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး တွေ့ဆုံညှိနှိုင်းကြပြီးနောက် လူသွားလူလာပြုလုပ်ရန် ဂိတ်ပြန်ဖွင့်ပေးခဲ့သော်လည်း ကန့်သတ်ချက်အချို့ရှိသလို မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းခွင့်မရသေးကြောင်း ဘုရားသုံးဆူမြို့နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ကားကြီးကားသေး ဘယ်ကားဖြစ်ဖြစ် သွားလို့မရသေးဘူး။ အလုပ်သမားတွေ အတက်အဆင်းပဲရတယ်။ ထိုင်းဘက် ဈေးသွားဝယ်မယ့်သူတွေတောင် ဥပမာပေါ့ မီးဖိုချောင်သုံးပစ္စည်းဆို တစ်နိုင်တပိုင်ပဲ သွားဝယ်လို့ ရတယ်။ နည်းနည်းဖြေလျော့ ပေးတာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြန်မာ နယ်စပ်တာဝန်ရှိသူတို့ ဂိတ်ပြန်ဖွင့်ရေးဆွေးနွေးရာ၌ ထိုင်းဘက်သို့ ကျောင်းသွားတက်မည့်သူများ၊ အလုပ်သမားများနှင့် ထိုင်းကုန်စည် တင်သွင်းရေး အခက်အခဲများစွာရှိလာသဖြင့် နှစ်ဘက်အကျိုးကိုကြည့်၍ ညှိနှိုင်းဆောင်ရွက်ရန် ပြောဆို ခဲ့သည်ဟု ဒေသတွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA လှုပ်ရှားနယ်မြေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရား သုံးဆူမြို့နှင့် ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့နယ်တို့ နယ်မြေခြင်းဆက်စပ်နေသည့် ကုန်သွယ်ရေးဂိတ်ကို DKBA နှင့် ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ လမ်းပြင်သည့်ကိစ္စအငြင်းပွားရာမှ မြန်မာဘက် ဂိတ်စပိတ်ခဲ့ပြီး ထိုင်းဘက် ကလည်း ထပ်မံပိတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဂိတ်ပိတ်ခဲ့ခြင်းကြောင့် သွားလာရေးအခက်အခဲအပြင် ဘုရားသုံးဆူတွင် ထိုင်းမှ မြန်မာသို့ တင်သွင်းသည့် ကုန်ပစ္စည်များ ပြတ်လပ်မှုဖြစ်ပွားခဲ့သလို မှောင်ခိုလမ်းကြောင်းမှ မြန်မာသို့ တင်သွင်းလာသည့် မော်တော်ယာဥ် များကိုလည်း မြန်မာဘက်က ဖမ်းဆီးမှုများရှိသည်ဟု နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။



















