Home သတင်း တနင်္သာရီတိုက်ပွဲ ရက် ၂၀ အတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးခဲ့

တနင်္သာရီတိုက်ပွဲ ရက် ၂၀ အတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးခဲ့

623
Photo-မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂

ဩဂုတ် ၇ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ် အစပ်ရှိကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ရက်ပေါင်း ၂၀ နီးပါး နှစ်ဖက် တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၅၂ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)က ဩဂုတ် ၅ ရက် နေ့တွင် ထုတ်ပြန်ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ ဦးခန့်ဖြင့် ကျွန်းစုမြို့နယ် ဂျိူးတောင်ရွာမှ တနင်္သာရီမြို့နယ် လယ်သစ်ရွာသို့အ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် နေ့မှ စတင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တော်လှန်ရေးပူးပေါင်း တပ်တို့နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားပြီး ဩဂုတ် ၄ ရက်ထိ စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၅၂ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း -၂ မှ ရဲဘော်မျိုးကြီးက ပြောသည်။

၎င်းက“လက်ရှိမှာတော့ စစ်ရေးအရ တင်းမာနေတဲ့ အနေအထားမှာ ရှိတယ်။ စစ်ကောင်စီတပ်နဲ့ ကျွန်းစုမြို့နယ်ထဲက ဂျိုးတောင်၊ ဝါရစ်၊ သထာ၊ သပြေပင်ရွာနဲ့ တနင်္သာရီမြို့နယ် လယ်သစ်အနောက်ရွာတွေမှာ တိုက်ပွဲတွေပြင်းထန် ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ရက် ၂၀ နီးပါးကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်ကြား ၁၁ ကြိမ်ဖြစ်ပွား ခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်မှ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း-၂ က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများကို မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ၂၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့၊ ကျွန်းစု မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ တနင်္သာရီရိုးမပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊တောဗုံးကြီး ၊တောင်ပံနီ၊တိုင်းပကဖလုံခြုံရေး၊Dragon Squad ဒရုန်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိချိန်ထိ ကျွန်းစုမြို့နယ်နှင့်တနင်္သာရီမြို့နယ်ရှိ ထိစပ်ရာဒေသအများစုတွင် စစ်ကောင်စီတပ်များနှင့် မြိတ် ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း -၂ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြင်းထန်လျက်နေကြောင်း သိရသည်။