Home သတင်း ချင်းမိုင်တက္ကသိုလ်၌ ပထမဦးဆုံးအကြိမ်လက်ချည်ပွဲ ပြုလုပ်မည်

ချင်းမိုင်တက္ကသိုလ်၌ ပထမဦးဆုံးအကြိမ်လက်ချည်ပွဲ ပြုလုပ်မည်

482

ဩဂုတ်၂၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၌ သွားရောက် ပညာသင်ယူနေသည့် ကရင်တက္ကသိုလ် ကျောင်းသားများက ဦးဆောင်ပြီး ပထမဦးဆုံးအကြိမ် ကရင့်ရိုးရာ လက်ချည်ပွဲကို လာမည့် ယခုလကုန်တွင် ပြု လုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။

ချင်းမိုင်တက္ကသိုလ်တွင် သွားရောက် ပညာသင်ယူနေသည့် ကရင်တက္ကသိုလ်ကျောင်းသားများ စုစည်း၍ ဖွဲ့စည်း ထားသည့် Karen Student Association- Chiang Mai University အဖွဲ့က ဦးဆောင်ကာ ချင်းမိုင်ရှိ ကရင် ကျောင်းသားများ နှင့် ကရင်လူမျိုးများ၏ စုစည်း ညီညွတ်မှုကို ပြသပြီး ရိုးရာကို ထိန်းသိမ်းမြှင့်တင်ဖော်ပြ လိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပါဝင်သူ ကရင်တက္ကသိုလ် ကျောင်းသားတစ်ဦးက ယခုလို ပြောသည်။

၎င်းက “တကယ်တမ်းက ချင်းမိုင်မှာက ကျနော်တို့ ကရင်လူမျိုးတွေအများကြီးရှိတယ်။ ချင်းမိုင်မြို့ပတ်ပတ် လည်လည်မှာလည်း ကရင်ရွာတွေအများကြီးရှိတယ်။ အဲ့ကရင်လူမျိုးတွေကို စုစည်းချင်လို့ပဲ။ လက်ချည်ပွဲရဲ့ အနစ်သာရနဲ့ ရည်ရွယ်ချက်ကို ပြချင်တာလည်းပါတယ်။ လက်ချည်ပွဲဆိုတာက ဘာသာရေးနဲ့ မဆိုင်ဘူး။ ဒါက ဘာသာရေးမပြန့်ပွားခင်ကတည်းက ကျနော်တို့ ရှေ့ကရင်လူကြီးတွေ ယုံကြည်လာတဲ့ ရိုးရာတစ်ခုဆိုတာကို ပြသချင်တယ်။ ဒီက ကရင်တွေကို စုစည်းချင်တာလည်းပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ချည်ပွဲကို လာမည့် ဩဂုတ် ၃၁ ရက်နေ့ နံနက် ၈ နာရီမှ စ၍ချင်းမိုင် တက္ကသိုလ်ဝန်းအတွင်းရှိ Faculty of Social Science ၏ ဌာန၌ ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းမိုင်မြို့အတွင်းရှိ ကရင်လူမျိုးများအပြင် အခြားသော တိုင်းရင်းသားလူမျိုးများကိုလည်း ဖိတ်ခေါ်ထားသလို မိမိရိုးရာ ဝတ်စုံများကို ဝတ်ဆင်၍ ပါဝင်တက်ရောက် နိုင်မည် ဖြစ်သည်။

အဆိုပါပွဲကို တက္ကသိုလ် ကျောင်းသားများကသာဦးဆောင်ပြီး ပထမဦးဆုံအကြိမ် ပြုလုပ်မည့်ပွဲဖြစ်သောကြောင့် ပွဲအစီအစဉ်အတွက် ဘဏ္ဍာရေးအခက်အခဲ ရှိနေသလို ကျောင်းသားအများစု၏ စာမေးပွဲရက်နှင့် နီးကပ် နေသောကြောင့် အားလုံး စုစည်းမပါဝင်နိုင်သည့် အခက်အခဲ များကြုံတွေ့ရကြောင်းလည်း အဆိုပါ ဦးဆောင်သူ လူငယ်တစ်ဦးက ဆက်ပြောသည်။

ပွဲအတွင်း ရိုးရာ ယဉ်ကျေးမှု အနစ်သာရများကို အဓိက ဖော်ထုတ်ပြသမည်ဖြစ်သလို ကရင် အနုပညာရှင် အချို့ကို လည်း ဖိတ်ခေါ်၍ ဖျော်ဖြေပွဲများပါ ထည့်သွင်းသွားရန်စီစဉ်ထားကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

ကရင့်ရိုးရာ လက်ချည်ပွဲကို ယခု ဝါခေါင်လဆန်းပိုင်းမှစ၍ မြန်မာ ပြည်တွင်း ပြည်ပ နေရာ ဒေသအသီးသီးရှိ ကရင်လူမျိုးများက ဦးဆောင်၍ ပုံစံမျိုးစုံဖြင့် ကျင်းပပြုလုပ်ခဲ့ကြသလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း အကြီးအကျယ်ပြုလုပ်ခဲ့ကြပြီး ယခုလို ချင်းမိုင်မြို့တွင် ပြုလုပ်ခြင်းမှာ ပထမဦးဆုံအကြိမ် ဖြစ်ကြောင်း သိရသည်။

ကရင့်ရိုးရာ လက်ချည်ပွဲပြုလုပ်ရာတွင် ယခင် ကရင်ဘိုးဘွားများ၏ ယုံကြည်မှုကို အခြေခံပြီး သက်ကြီးရွယ်အို ဖိုးဖွား မိဘများက လူငယ်အမျိုးသမီး အမျိုးသားများကို လိပ်ပြာခေါ်၍ ပါဝင် ပစ္စည်း (၇) မျိုးဖြင့် ချည်ဖြူထုံးဖွဲ့ လက်ချည်ပေးခြင်းဖြစ်သည်။

ထို့အပြင် ပါဝင် ပစ္စည်း (၇) မျိုးဖြစ်သည့် ထမင်းဆုပ် (၇) ဆုပ်၊ ကောက်ညှင်းထုပ်(၇)ထုပ်၊ ငှက်ပျော သီး ၇ လုံး၊ ကြံ ၇ ခြမ်း၊ ချည်ဖြူ (၇)မျှင်၊ ပန်းညို(နတ်ပန်းညို) ၇ ခက်နှင့် ရေတစ်ခွက်ကို ဆန်ကောထဲတွင် ထည့် ရခြင်း ဖြစ်သည်။ အဆိုပါ ပစ္စည်း တစ်မျိုးစီတွင် အဓိပ္ပာယ်တစ်ခုစီပါဝင်ကာ အဓိက အားဖြင့် စည်းလုံး ညီညွတ်မှုကို အမှတ်အသားပြုခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။