Home သတင်း ကျိုက်ထိုမြို့နယ် ပစ်ခတ်မှု သေဆုံးသူထဲတွင် သတင်းသမား ၂ဦးပါဝင်

ကျိုက်ထိုမြို့နယ် ပစ်ခတ်မှု သေဆုံးသူထဲတွင် သတင်းသမား ၂ဦးပါဝင်

993
Photo: Social Media

ဩဂုတ် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာအနီးရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်စဉ် DVB သတင်းဌာနမှ သတင်းထောက်(Citizen Journalist-CJ) ကိုဝင်းထွဋ်ဦးနှင့် အလွတ်တန်းသတင်းထောက် ကိုထက်မြက် သူတို့(၂)ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့က လက်ပြကျေးရွာရှိ ကိုထက်မြက်သူ၏နေအိမ်ဝင်းအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်(၃)ဦး ရောက်ရှိနေစဉ် စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သဖြင့် မွန်ပြည်နယ်အခြေစိုက် သတင်း သမားများဖြစ်သည့် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြက်သူတို့အပါအဝင် ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF မှ ရဲဘော်(၂)‌ဦး၊ စုစုပေါင်း(၄)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ထက်မြက်သူတို့အိမ်မှာ ဝိုင်းပစ်ခံရတာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကတော့ လွတ်သွားပါတယ်။ သေတဲ့သူတွေရဲ့အလောင်းကတော့ ပြန်မရဘူး‌‌ဗျာ။ ကျိုက်ထိုဆေးရုံကို နှစ်လောင်းပဲရောက်လာတယ်” ဟု အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူနှင့် နီးစပ်သူအမျိုးသားက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကိုဝင်းထွဋ်ဦးနှင့် KRF တပ်ဖွဲ့ဝင်တစ်ဦးမှာ သေနတ်ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးခဲ့ပြီး ကိုထက်မြက်သူနှင့် ကျန်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကိုမူ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သေဆုံးသူ(၄)ဦးလုံးအား မိသားစုထံ အလောင်းပြန်မအပ်ဘဲ မီးရှို့သင်္ဂြိုဟ်လိုက်ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

DVB သတင်းဌာနဘက်ကလည်း သတင်းသမားများအနေဖြင့် သတင်းတိကျမှန်ကန်ရန် သက်ဆိုင်ရာ အဖွဲ့များသို့ချဉ်းကပ် သတင်းရေးသားနိုင်ရေး တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ပြီး လက်နက် ကိုင်ဆောင်သူမဟုတ်သည့် အခြေအနေတွင် ယခုလိုသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ကိုဝင်းထွဋ်ဦးနှင့်ကို ထက်မြက်သူတို့ သေဆုံးမှုနှင့်ပတ်သက်၍ သတင်းဖော်ပြရာ၌ ထည့်သွင်းပြောဆိုထားသည်။

“ကိုဝင်းထွဋ်ဦးက မြေပြင်မှာအလုပ်လုပ်နေတဲ့ တိကျတဲ့သတင်းတွေလိုက်နိုင်၊ ထုတ်နိုင်တဲ့ အလားအလာရှိ သတင်းသမားကောင်းတစ်ယောက်ပါ။ ကိုထက်မြက်သူဆိုလည်း ဆန္ဒပြတုန်းက သတင်းရုပ်သံရိုက်မှုနဲ့ သေနတ် ပစ်ဖမ်းခံရပြီး ထောင်ကျသွားတာ ထောင်ကပြန်လွတ်လာတာနဲ့ သတင်းအလုပ်ဆက်လုပ်တယ် ။ အဲ့လိုလူမျိုး သူတို့လိုလူငယ်တွေအခုလိုအသတ်ခံရတာ ဆုံးရှုံးမှုကြီးပါပဲ” ဟု ၎င်းတို့နှင့်နီးစပ်သူ လုပ်ဖော်ကိုင်ဖက်သတင်း‌သမားတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာများဘက်ကမူ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့်သတင်းအရ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ပြီး (၄)ဦးမှာနေရာတွင်ပင်သေဆုံး၍ (၇)ဦး လွတ်မြောက်သွားသည်ဟု ရေးသားဖော်ပြထားကြောင်း တွေ့ရသည်။

သေဆုံးချိန်တွင် အသက်(၂၆)နှစ်အရွယ်ရှိ ကိုဝင်းထွဋ်ဦးမှာ အာဏာသိမ်းပြီးနောက် ဆန္ဒပြမူကြောင့် ပုဒ်မ ၅၀၅ အထုတ်ခံထားရသဖြင့် နေအိမ်မှအချိန်ကြာမြင့်စွာရှောင်တိမ်း နေထိုင်ရင်း သတင်းထောက်သင်တန်းများတက်ကာ သတင်းထောက်အဖြစ် ရပ်တည်လုပ်ကိုင်နေသူဖြစ်သည်။

ထို့အတူ အသက်(၂၈)နှစ်အရွယ်ရှိ ကိုထက်မြက်မှာလည်း ၂၀၂၁ ခုနှစ်၊ မတ်လပိုင်းက ဆန္ဒပြပွဲတစ်ခုအတွင်း ရုပ်သံရိုက်ကူး သတင်းယူစဉ် စစ်ကောင်စီတပ်၏ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။ ပြန်လွတ်မြောက်လာပြီးနောက်တွင်လည်း အလွတ်တန်း သတင်းထောက်အနေဖြင့် မြေပြင်သတင်းများ ရယူလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းတို့နှင် နီးစပ်သူများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီက သတင်းမီဒီယာများကို ပိတ်သိမ်းခြင်း၊ သတင်းသမားများအား ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်ခြင်းတို့ကို လုပ်ဆော‌င်‌နေခြင်းဖြစ်ပြီး နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် မလွတ်မြောက်သေးသည့် ဖမ်းဆီးခံသတင်းသမား (၅၀)ဦး ကျန်ရှိနေသေးကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM က ထုတ်ပြန်ထားသည်။