ဩဂုတ် ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ အမျိုးသား(၄)ဦးအား ယမန်နေ့ ဩဂုတ်လ(၁၆)ရက်နေ့ ည(၇)နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန်အကြောင်း ပြချက်ဖြင့် နေအိမ်အတွင်းထိဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။
စစ်နှင့်ရဲတပ်ဖွဲ့ဝင် အင်အား(၃၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကား(၃)စီးဖြင့် မြောက်ပိုင်းရပ်ကွက်ရှိ အဆိုပါလူငယ်အမျိုးသားများ၏နေအိမ်အတွင်းထိဝင်ရောက်၍ စစ်မှုထမ်းရန် နာမည်စာရင်းပါသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကျိုက်ထိုမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ရဲတွေပါတယ်၊ ကျန်တဲ့အုပ်ကြီးတွေရော အရပ်သားတွေရော မပါဘူး။ ကား ၃စီးနဲ့ အင်အား ၃၀လောက်နဲ့ လာပြီး အဲ့ဒီ၄ယောက်ကို စစ်မှုထမ်းဖို့ဖမ်းသွားတာ။ စာရင်းထဲပါတဲ့လူငယ်တွေလည်း ရှောင်နေရတယ်။ ဟိုရက်ကလို စာရင်းထဲပါတဲ့အိမ်တွေကို လိုက်မမေးတော့ပေမယ့် ဘယ်သူကဘယ်အိမ်ဆိုတာ အတိအကျပြောပေးတဲ့သူတွေရှိတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၇)ရက်နေ့မှစ၍ စစ်မှုထမ်းအပတ်စဥ်(၄)အတွက် စစ်မှုထမ်းရန်လူစာရင်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့ပေါ် ရပ်ကွက်(၆)ခုလုံးသို့ လူရှိမရှိ လိုက်လံမေးမြန်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် မော်တော်ယာဥ်(၂)စီးဖြင့် မြို့တွင်းပတ်၍ စာရင်းပါဝင်သူများကို ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သလို လူမသိသူမသိ ဖမ်းဆီးခံလိုက်ရသူများလည်း ရှိကြောင်း မြို့ခံအချို့၏ပြောပြချက်အရ သိရသည်။
ဖော်ပြပါအမျိုးသားက ဆက်လက်၍ “ရဲကားနှစ်စီး အင်အား ၁၀ လောက်က တစ်နေကုန်မြို့ထဲ လိုက်ပတ်ပြီး ဆွဲနေတာ။ နေ့တိုင်းပဲ။ တခြားဖမ်းခံရတဲ့သူတွေလည်းရှိသေးတယ် နောက်ပြီး လူမသိသူမသိလိုက်ဆွဲနေတာတွေလည်းရှိတယ်” ဟု မြို့နေလူငယ်များ ကြုံတွေ့နေရသည့်အခြေအနေကို ပြောပြသည်။
ကျိုက်ထိုမြို့ပေါ်တွင် စစ်မှုထမ်းရန်ဖမ်းဆီးမှုများအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့်ပတ် သက်မှု၊ ထောက်ပို့လုပ်ဆောင်မှုဖြင့် မြို့ခံလူငယ်များကို စစ်တပ်က လိုက်လံဖမ်းဆီးနေမှုကြောင့် ဖမ်းဆီး ခံရာမှ ပြန်လွတ်ရေး၊ စစ်မှုထမ်းနာမည်စာရင်းမှ ပယ်ဖျက်ပေးရေး သက်ဆိုင်ရာမိသားစုဝင်အချို့မှ ငွေကြေးဖြင့်လိုက်လံညှိနှိုင်းရသည်လည်းရှိကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး အပတ်စဥ်(၁)သင်တန်း စတင်ခေါ်ယူချိန်တွင် မြို့နယ် အလိုက်သတ်မှတ်ထားသော စစ်မှုထမ်းလူဦးရေအတိုင်း မပြည့်မီသောကြောင့် မြို့နေလူငယ်များအား စစ်မှုထမ်းရန် ဖိအားပေး၊ ခြိမ်းခြောက်မှုများအပြင် ယခုလို အိမ်တိုင်ရာရောက် ဖမ်းဆီးသည်အထိ ပိုမိုဆိုးဝါးလာခြင်းဖြစ်သည်။