Home သတင်း ကျပ်ငွေတန်ဖိုး ဆက်ကျလာ၍ မြဝတီရှိငွေလဲကောင်တာအများစု ဘတ်အရောင်းရပ်

ကျပ်ငွေတန်ဖိုး ဆက်ကျလာ၍ မြဝတီရှိငွေလဲကောင်တာအများစု ဘတ်အရောင်းရပ်

1505
Photo: Social Media

ဩဂုတ် ၁၃ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး ကျပ်အစား ဘတ်ငွေပြောင်းကိုင်သူ များလာသည့်အတွက် မြဝတီရှိ ငွေလဲကောင်တာ အများစု ဘတ်ငွေရောင်းချမှု ရပ်ထားသည်ဟု ငွေလဲလုပ်ကိုင်နေသူများက ပြောသည်။

နယ်စပ် ငွေလဲဈေးကွက်တွင် ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် မြန်မာငွေ ကျပ်တစ်သိန်းကို ဘတ်၅၀၀ နှုန်းသာ ပေါက်ဈေးရှိပြီး ဘတ်ပေး ကျပ်ယူသူ နည်းလာကာ ယခုလို ဘတ်ငွေရောင်းချမှု ရပ်ထားလိုက်ခြင်း ဖြစ်သည်ဟု မြဝတီမြို့ပေါ်ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ တဦးက ယခုလိုပြောသည်။

“ဘတ်ငွေက အတက်ဘက်ပဲ။ အဲဒါကြောင့် ဘတ်ငွေလာရောင်းတဲ့သူမရှိတော့ဘူး။ ဆိုတော့သူသူငါငါ ဘတ်ငွေ ပြန်မရောင်းတော့ဘူး။ ရင်းနှီးတဲ့သူတွေလောက်ပဲ လာလဲရင်ဝယ်ပေးတယ်။ အများစုက ဘတ်ပဲကိုင်ထားတယ်။ အတက်အကျမြန်တော့ မြန်မာငွေမကိုင်ရဲတော့ဘူး။ နောက်ပြီး ဒေါ်လာနဲ့ရွှေစျေးက အတက်ဘက်ကြီးပဲ ဆိုတော့ ဘတ်ငွေကိုပဲ ကိုင်ကြတာများတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီ ငွေလဲ ဈေးကွက်တွင်နာရီဝက် ခြားတစ်ကြိမ် ငွေလဲနှုန်းများ ထုတ်ပြန်လေ့ရှိသလို လက်ရှိ ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်တွင် ကျပ်တစ်သိန်းလျှင် ထိုင်း ဘတ် ၄၉၀ မှ ၅၀၀ အထိသာ အဖွင့်စျေးရှိကြောင်း မြဝတီရှိ ငွေလဲ ဈေးကွက် အတွင်းမှ သိရသည်။

“ဒီနေ့ ဘတ်ယူဖို့ တစ်ဆိုင်ပြီးတဆိုင်လိုက်မေးကြည့်တယ်။ သူတို့ မဝယ်ဘူး အစတစ်ချက်က သိန်း၂၀-၃၀ ဖိုးလဲ တာရတယ်။ နောက်မိနစ်ပိုင်းအတွင်းမှာ မရှိတော့ဘူးတဲ့ အဲလိုဖြစ်သွားတယ်။ ဒီလိုဘဲဆက်တိုက်ကျရင် မြန်မာငွေ ကိုဘယ်သူမှမကိုင်ရဲတော့ဘူး” ဟု အမည်မဖော်လိုသည့် မြဝတီ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကျပ်ငွေအဆမတန်ကျပြီး ဘတ်ငွေတန်ဖိုးမြင့်လာသည့်အတွက် မြဝတီနယ်စပ်ရှိ စျေးဆိုင်အများစုသည် ဘတ်ငွေဖြင့်သာ အရောင်းအဝယ်ပြုလုပ်သလို မြဝတီရှိ ဓာတ်ဆီဆိုင်အချို့၌ ကျပ် ၅၀,၀၀၀ ဖိုးအထိ ဆီဝယ်ပါက ကျပ်ငွေလက်မခံဘဲ ဘတ်ငွေဖြင့်သာ ပေးချေခိုင်းသည်ဟု ဒေသခံများထံမှ သိရသည်။

ယခင် ဇူလိုင်လ ဆန်းပိုင်းတွင် ကျပ် ၁၀၀,၀၀၀ ကို ဘတ် ၈၀၀ ဝန်းကျင်ဈေးရှိရာမှ ယခု ဩဂုတ် ၁၃ ရက်နေ့ တွင် ကျပ် ၁၀၀၀၀၀ လျင် ဘတ် ၅၀၀ ထိ တစ်လခွဲအတွင်း အဆမတန်ဈေးထိုးကျလာခြင်းဖြစ်ကြောင်း ငွေလဲ ဈေးကွက် အတွင်းမှ သိရသည်။