၇၄ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုစကား
ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် တော်လှန်ခေါင်းဆောင်နှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်အချို့၏ အမှတ်တရ ဂုဏ်ပြုစကားများကို စုစည်းဖော်ပြလိုက်ပါသည်။
မိဆူးပွင့် – မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားတွေအပေါ်မှာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုမရှိခဲ့သလို မကြာသေးခင် က ကရင်ပြည်နယ်တစ်နေရာမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ရုပ်ထု ဖျက်ဆီးခံခဲ့ရတယ်။ ကရင် အမျိုးသားတွေမျှော်လင့်နေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ မျှော်မှန်းချက်ကို မှေးမှိန်သွားစေတယ်လို့ မြင်တယ်ပေါ့နော်။ ကရင်ခေါင်းဆောင်အဆက်ဆက်က ကရင်အမျိုးသားရေးတစ်ခုတည်းရဲ့ လွတ်မြောက်ရေး ဆိုတာထက် ပြည်ထောင်စုတစ်ခုလုံးရဲ့အကျိုးကိုရှေ့ရှုပြီးတော့ မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးကို သူတို့ ဦးဆောင်ခဲ့တယ်ဆိုတာ သမိုင်းအဆက်ဆက်ကိုပြန်လေ့လာကြည့်ရင် ကျမတို့တွေ့ရှိနိုင်ပါတယ်။
အခုလိုကြီးမြတ်တဲ့ ကရင့်အာဇာနည်နေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးတိုင်း မိမိတို့ရဲ့ဖြစ်တည်မှုအတိုင်း တန်ဖိုးရှိရှိ နေထိုင်ရှင်သန်နိုင်ပြီးတော့ မိမိတို့ရဲ့စာပေ၊ ဘာသာစကား၊ ရိုးရာယဥ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ပါစေ။ မိမိတို့ရဲ့ တော၊ တောင်၊ ရေ၊ မြေ သဘာဝတွေကို ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ စီမံအုပ်ချုပ်ပိုင်ခွင့် စတာတွေ အပြည့်အဝ ရယူပိုင်ဆိုင်နိုင်ပါစေ။ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားခေါင်းဆောင် အာဇာနည်စောဘဦးကြီးနဲ့အတူ ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ကရင်အမျိုးသမီးခေါင်းဆောင်တွေအပါအဝင် ကရင့်ခေါင်းဆောင်အားလုံးကို ကျမဒီနေရာကနေ ဦးညွှတ်ဂုဏ်ပြုချင်ပါတယ်။
မန်းရွှေနှင်း ( ကလေးများ ဖွံ့ဖြိုးရေးစင်တာ- CDC ကျောင်းအုပ်)
ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အမျိုးသားရေးဆိုင်ရာအခွင့်အရေးတွေ၊ နောက်ပြီးတော့ တန်းတူညီမျှမှုတွေ ၊ နောက်ပြီးတော့ ဒီအမျိုးသားတစ်မျိုးထု တစ်ရပ်လုံးအတွက် လိုအပ်တဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေပေါ့ အဲဒါတွေကို ရရှိဖို့အတွက် အရင်ဦးဆုံး ကမကထ ဦးဆောင် လုပ်ဆောင်ခဲ့တဲ့ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ကျဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီကျဆုံးဒါကလည်းပဲ ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့ ဒီနေ့အထိဆိုလို့ရှိရင်တော့ ၇၄နှစ်ရှိပြီပေါ့နော် ။
၇၄နှစ်အတွင်းမှာ ကရင့်တော်လှန်ရေးရဲ့ နှစ် ၇၀ ကျော် အတူကျနော်တို့ အာဇာနည်နေ့ကလည်းပဲ ၇၄နှစ်ဖြစ်လာပြီး ကျနော်တို့ကရင်အမျိုးသားအားလုံးကလည်းပဲ ဒီကရင့်အာဇာနည်နေ့ကို ရောက်တိုင်းမှာ ကျနော်တို့ ကရင့်အမျိုးသားတွေရဲ့နေ့ထူးနေ့၊ ကရင်အမျိုးသားအားလုံးရဲ့အာဇာနည်၊ ကရင်အမျိုး သားတွေအတွက် သက်စွန့်ဆံဖျား ကြိုးစားအားထုတ်ခဲ့တဲ့ ကျနော်တို့ ကရင့်ရဲ့အာဇာနည်တွေရဲ့ နေ့မြတ်ဖြစ်တာကြောင့် ဒီကျဆုံးသွားတဲ့ အာဇာနည်၊ နောက်ပြီးတော့ ကရင့်တော်လှန်ရေးရဲ့ နှစ်ရှည် ကာလအတွင်းမှာ ကျဆုံးသွားခဲ့ရတဲ့ ကျနော်တို့ အမျိုးသားတွေ တိုင်းရင်းသားတွေအများကြီးရှိခဲ့ပါတယ်။
အဲဒီအပေါ်မှာ ဒီလိုနေ့ရောက်တိုင်းမှာ ကျနော်တို့ကရင်အမျိုးသားတွေ အတွက်များစွာ နစ်နာခံပြီး အသက်ပေးခဲ့ရတဲ့ ကရင်အာဇာနည်ခေါင်းဆောင်အားလုံးကို ကရင့်အာဇာနည်နေ့မြတ်မှာ အထူးပဲ သတိရ လွမ်းဆွတ်တယ်၊ ဂုဏ်ပြုတယ်ပေါ့နော် အဲလိုပြောချင်ပါတယ်။ အမှန်မှာတော့ကျနော်တို့ ကရင်တစ်မျိုးသားလုံးရဲ့လွတ်မြောက်ရေးအတွက် ရယူခဲ့တဲ့ ခေါင်းဆောင်တွေအားလုံး တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်အားလုံးဟာ ကျနော်တို့ရဲ့အာဇာနည်ပဲ ဖြစ်ပါတယ်။
စောအယ်ထီးကော် – ကရင်လူငယ်အစည်းအရုံး (ဗဟို) တွဲဖက်အတွင်းရေးမှူး
ကရင်အာဇာနည်နေ့ အကြောင်းပြောရမယ်ဆိုရင် အတိတ်ကပေးဆပ်မှု များစွာရှိခဲ့တဲ့ သမိုင်းဖြတ်သန်းမှုတစ်ခု ရှိခဲ့ တယ်။ ဆိုတော့ ကရင့်အာဇာနည်နေ့မှာ အထူးသဖြင့်တော်လှန်ရေးတလျှောက် အသက်သွေးချွေးဘဝ ကိုယ်လက် အင်္ဂါ၊ ပေးဆပ်ခဲ့တဲ့ တော်လှန်ရေး သူရဲကောင်းများစွာရှိခဲ့တယ်။ ဒီလိုပေးဆပ်ခဲ့ကြလို့လည်း ကရင့်တော်လှန်ရေး ယနေ့ထိ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တယ်။ ကရင်အာဇာနည်နေ့ ကျင်းပတိုင်း ကျင်းပတိုင်းက ကရင့်တော်လှန်ရေး တလျှောက်လုံးမှာ အသက်သွေး၊ ချွေး၊ ဘဝကိုပေးခဲ့တဲ့ ကရင်အမျိုးသားများ ဒီလူတွေ အားလုံးဟာလည်း ကရင့် အာဇာနည်တွေပါပဲ။ ကရင်တစ်မျိုးသားလုံး လွတ်မြောက်ဖို့အတွက်သူတို့ရဲ့ အသက်သွေးချွေးဘဝတွေ ပေးဆပ် ခဲ့ကြသူ တွေပါပဲ။
ကျနော်တို့အတွက်ကတော့ ကရင့်အာဇာနည်နေ့ဟာ ပြောမပြတက်လောက်အောင် လေးနက်မှုရှိတဲ့ နေ့ထူးနေ မြန်တခုလို့ သတ်မှတ်တယ်။ ကရင့်အာဇာနည်နေ့ နေ့ထူးနေ့မြတ်မှာပေါ့နော်။ ကရင်လူမျိုးတိုင်း ဂုဏ်ပြုသင့်တဲ့ ကရင်လူမျိုးတိုင်း မမေ့သင့်တဲ့ နေ့တနေ့လို့ ပြောလိုတယ်။ ကရင့်အာဇာနည်နေ့ကို ကော်သူးလေးအုပ်ချုပ်နယ် မြေထဲမှာမှ မဟုတ်ဘဲနဲ့ ပြည်တွင်း ပြည်ပ၊ ဘယ်နေရာပဲရောက်ရောက် ကျနော်တို့ ဂုဏ်ပြုကျင်းပသင့်တဲ့၊ မမေ့ သင့်တဲ့ နေထူးနေမြတ်တစ်ခု ဖြစ်တယ်။
ဒါကို အရွယ်သုံးပါးမရွေး ကရင်တို့က ရောက်ရာနေရာမှာ၊ လုပ်နိုင်တဲ့ အခြေအနေမျိုးမှာ မဖြစ်မနေ ဂုဏ်ပြုပြီးမှ ကျနော်တို့ နောင်မျိုးဆက်တွေ ကရင့်အာဇာနည်နေ့ ဘာကြောင့် ဖြစ်လာတယ်၊ ဘာကြောင့် ရှိတာလဲ၊ ဘာကြောင့် ကျင်းပသင့်တာလဲ ဆိုတာကို ကျနော်တို့ မျိုးဆက်တွေကို အသိပေးဖို့ လိုအပ်တယ်ပေါ့နော်။
ကရင့်အာဇာနည်နေ့နဲ့ အတူပေါ့နော်၊ ကျနော်တို့ လိုချင်တဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရရှိဖို့ဆုမွန် ကောင်းတောင်းတယ်။ ခုနက ပြောသလို ကရင်အမျိုးသား အာဇာနည်နေ့ နေ့ထူးနေ့မြတ်ကို သတိရအောက်မေ့ပြီး ရောက်နေတဲ့ နေရာမှာ ဂုဏ်ပြုကျင်းပဖို့ တိုက်တွန်းရင်းနဲ့ ကျနော့် အနေနဲ့ ဒီ ၇၄ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြု ဦးညွှန့်လိုက်ပါတယ်။
စောအယ်လ်ဘတ်ချို – (၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရှင်)
အာဇာနည်ဆိုတာကျကတော့ ကျနော်တို့ ဘယ်လိုသတ်မှတ်လည်းဆိုတော့ သူ့ရဲ့ ဂုဏ်ရည်က နည်းနည်းတော့မြင့်တာပေါ့၊ ဥပမာစောဘဦးကြီးဆိုရင် ပညာတတ်လည်း ဖြစ်တယ်။ ကရင်လူထုကလည်း သူ့နောက်မှာရှိတယ်။ သူသွားနေတဲ့ လမ်းကြောင်းကို ကရင်လူထုကလည်း လိုက်တယ်ပေါ့နော်။ နောက်တစ်ခုက သူကိုယ်တိုင်ကလည်း ကရင်လူထုအတွက် ပေးဆပ်တာပေါ့။ အာဇာနည်ဆိုတာ အဲ့လိုပုံစံမျိုး။ ဒီလိုပဲ ကျနော် တို့ရဲဘော်တွေကလည်းပဲ အာဇာနည်လိုပဲ သူတို့ပေးဆပ်ကြတယ်။ သူတို့ ပေးဆပ်မှုတွေ အလဟသ မဖြစ်စေရဘူး။ ဒါက သတိရတဲ့ နေ့တစ်နေ့လည်း ဖြစ်တယ်။ အာဇာနည်တွေကတော့ တာဝန်ပြည့်စုံသွားပြီး ကျန်ရှိတဲ့သူတွေကတော့ တာဝန်ရှိသေးတယ်။ မပြီးပြတ်သေးတဲ့ တာဝန်တွေ ဆက်လုပ်ဖို့အတွက် တာဝန်ရှိသေးတယ်လို့ ကျနော် ခံစားရတယ်။
ကျနော်တို့ ကရင်လူငယ်တွေပေါ့နော် ကျနော်တို့မှာ မိတ်ဆွေတွေရှိမယ်။ သူငယ်ချင်းတွေရှိမယ်။ ဒီတော်လှန်ရေးထဲမှာ ပါဝင်ပတ်သက်ပြီးတော့ ပေးဆပ်ကြတဲ့ သူတွေ ရှိမယ်ပေါ့နော် ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်တွေ့ဆုံခွင့်မရှိကြတော့တဲ့ အခြေနေမျိုးပေါ့ ၊ ဘယ်တော့မှလည်း ပြန်ဆုံတွေ့မှာမဟုတ်တဲ့ အခြေနေမျိုးမှာရှိတယ်။ ဆိုတော့ ဒီလိုပေးဆပ်ကြတဲ့ လူငယ်တွေရဲ့ ပေးဆပ်မှုသည် အလဟဿ မဖြစ်သွားအောင် ခေတ်ကပေးတဲ့ သမိုင်းပေးတာဝန်ပေါ့လေ။ အဲ့တာကိုကျနော်တို့ ကျေပွန်စွာထမ်း ဆောင်ပြီး တော့မှ အမျိုးသားလွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ ကျရာတာဝန်ကနေ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ဖို့တိုက်တွန်းလိုပါတယ်။
နော်စေးလေးဝါး – (ကရင်လူငယ် အစည်းအရုံး)
ဒီနေ့ကျရောက်တဲ့အာဇာနည်နေ့နဲ့ပတ်သက်ပြီး ကျမကတော့ ကျမတို့ လူငယ်တွေကိုပဲပြောချင်တာက ကျမတို့ဟာ လူငယ်ဖြစ်တဲ့အတွက် ကိုယ့်လူမျိုးအတွက် ပူးပေါင်းလုပ်ဆောင်ရမှာက ကျမတို့တာဝန်ဖြစ်ပါတယ်။ ကျမတို့ခေါင်းတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်လူမျိုးအတွက် လုပ်ဆောင်ပေးခဲ့တယ် ။ အသက်ပေး သွားခဲ့တာတွေကအများကြီးပါပဲ။ ကျမတို့ အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးကိုပဲ ပြန်ကြည့် လိုက်မယ်ဆိုရင် သူက လူချမ်းသာ လူကြီးသားတစ်ဦးဖြစ်တယ်။ ပြည့်ပြည့်စုံစုံနဲ့နေနိုင်တယ် ။ ကရင် လူမျိုးထဲမှာဆိုရင်လည်း အဆင့်မြင့်ပညာသင်ခဲ့ရတဲ့သူတစ်ဦးဖြစ်တယ်။
သို့သော် သူ့လူမျိုးကို သူအရမ်းချစ်မြတ်နိုးတဲ့အတွက် လူမျိုးအတွက် ပေးဆပ်ခဲ့တယ်။ အသက်ပေးသွားခဲ့တဲ့ အာဇာနည်တစ်ဦးဖြစ်တယ်။ အလားတူပဲ ကျမတို့ ခေါင်းဆောင်တွေ၊ ကရင်လူငယ်တွေမှာလည်း လွတ်လပ်မှု တန်းတူညီမျှမှုအခွင့်အရေးရရှိဖို့အတွက် အသက်ပေးဆပ်ခဲ့ရတဲ့လူငယ်တွေလည်း အများကြီးရှိပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားရေးတာဝန်တွေက ကျမတို့လူငယ်တွေမှာ ပခုံးပြောင်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် ကျမတို့ တို့လူမျိုးအတွက် ဘယ်ပိုင်းမှာ လုပ်ပေးနိုင်လဲ ၊ ကိုယ်လုပ်နိုင်တဲ့အပိုင်းကို နည်းနည်းပဲဖြစ်ဖြစ် ကျမတို့လုပ်ပေးနိုင်တဲ့အပိုင်းကို လုပ်ပေးရမှာဖြစ်တယ်လို့ ကျမက မြင်ပါတယ်။
စထီးထာ – (မြစ်ဝကျွန်းပေါ် ကရင်လူငယ်)
ကရင်လူမျိုးတို့ရဲ့ အာဇာနည်းခေါင်းဆောင်ဖြစ်တဲ့ ကော်ခိုစောဘဦးကြီး နှင့်တကွ ကရင်တော်လှန်ရေးမှာ အသက် သွေးချွေး၊ ခန္ဓာများကို ပေးစွန့်သွားတဲ့ ရဲဘောရဲဘက်များအားလုံး အလေးပြု ဂုဏ်ပြုပါသည်။ မိမိလူမျိုး၏ ကြမ္မာ မိမိဖန်းတီးနိုင်ရေး၊ ဒီနိုင်ငံအာဏာရှင်စနစ်ဆိုးကို တော်လှန်ရင်း ကျဆုံးသွားသည့် ရဲဘော်တဦးချင်စီရဲ့ အိပ်မက်က ပြည်သူလူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ဖြစ်တာကြောင့် အသက်ရှင်ကျန် နေသေးတဲ့ တော်လှန်ရေး ရဲဘော်များအားလုံးဟာ သူတို့ယုံကြည်ချက်တွေနဲ့ ထပ်တူထပ်မျှကျပြီး အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်အောင် မဆုတ်မနှစ်သော ဇွဲစိတ်ဓာတ်နဲ့ ကရင့်အာဇာနည်များကို ဂုဏ်ပြုကာ အမြန်ဆုံးလွတ်မြောက်အောင် ဘက်ပေါင်းစုံမှ ပိုမိုကြိုးစာလုပ်ဆောင်သွားရမယ်။
ကျနော်တို့ လူငယ်တွေ ကော်ခိုစောဘဦးကြီး ချမှတ်ခဲ့တဲ့ အခြေခံမူဝါဒ လမ်းစဉ်တွေအပေါ် ရပ်တည်ပြီး လူမျိုး လွတ်မြောက်ရေးအတွက် စွန့်လွတ်အနစ်နာခံနိုင်တဲ့ စိတ်ကို ခံယူပြီး လက်တွေ့ ကျင့်သုံးလုပ်ဆောင်ကြဖို့ ပြောလို တယ်။ ဒီနိုင်ငံ မှာ ဂုဏ်ပြုလေးစာရမဲ့ လူမျိုးစုအသီးသီးက အာဇာနည်ခေါင်းဆောင်များစွာရှိပါတယ်။ ဒီအာဇာနည် ခေါင်းဆောင်တွေသည် တစ်ချိန်က ကျနော်တို့လို စနစ်ဆိုးကနေ ကျော်ဖြတ်လာတဲ့လူငယ်တွေ ဖြစ်ပါတယ်။ သူတို့ ယုံကြည်ချက်၊ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက်၊ မျော်မှန်းချက်တွေက တရားမျှတရေး၊ တန်းတူရေးနဲ့ လူတစ်ဦးချင်း၊ လူအစုအဖွဲ့၊ လူမျိုးအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆောင်ရွတ်ခဲ့တာကို အတုယူ လုပ်ဆောင်ကြပါလို့ အားပေး တိုက်တွန်းလိုပါတယ်။