Home သတင်း “ဩဇာမဲ့တို့၏ ခွန်အား” သမိုင်းမှတ်တမ်းပြခန်း AAPP ဖွင့်လှစ်

“ဩဇာမဲ့တို့၏ ခွန်အား” သမိုင်းမှတ်တမ်းပြခန်း AAPP ဖွင့်လှစ်

103

ဩဂုတ် ၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ ၃၆ နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် နိုင်ငံရေး အကျည်းသားများ ဖိနှိပ်သတ်ဖြတ်ခံရမှုများကို အများသိရန်ရည်ရွာကာ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း- AAPP က “ဩဇာမဲ့ တို့၏ ခွန်အား” ဟု အမည်ပေးထားသည့် သမိုင်းမှတ်တမ်းပြခန်း ဖွင့်ပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ဩဂုတ် ၈ ရက် မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

“ဒီပြခန်းက နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်သတ်ဖြတ်ခံ နေရတဲ့ အခြေအနေတွေကို အများပြည်သူ သိအောင်၊ နိုင်ငံတကာ အဝန်းအဝိုင်းက သိရှိပြီး တစုံတရာဖိအားပေး အရေးယူနိုင်အောင်၊ နိုင်ငံရေး အကျဉ်းသား တွေရဲ့ နိုင်ငံရေး ဖြတ်သန်းမှု သမိုင်းကို မှတ်တမ်းတင် ပြသထားတဲ့ ပြခန်း ဖြစ်ပါတယ်၊ ဒါမျိုး ပြခန်း တွေကို ၂၀၂၁ ခုနှစ် ကတည်းက ပြသ ခဲ့တာပါ။ မြန်မာပြည်တွင်းမှာလည်း ပြခဲ့ဖူးသလို နိုင်ငံတစ်ကာမှာလည်း ပြသတာမျိုး ရှိခဲ့ပါတယ်” ဟု AAPP အတွင်းရေးမှုး ဦးတိတ်နိုင်က ပြောပါသည်။

အဆိုပါ ပြခန်းဖွင့်ပွဲ အခမ်းအနားသို့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နွေဦးတော်လှန်ရေး မျိုးဆက် သစ်လူငယ်များ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း အင်အား ၂၀၀ ဦးကျော် အားပေးတက်ရောက်ခဲ့သည်။

“AAPP က နိုင်/ကျဉ်းတွေ အားထားရတဲ့အသင်းပါ၊ ဒီလိုပြခန်းတွေက ရှိရမယ်။ ဒါမှ စစ်တပ်ရဲ့ ဖိနှိပ်မှု့၊ နှိပ်စက်မှု့ တွေကိုကို အများသိမြင်လာမှာ ဖြစ်တယ်။ အခု ရှစ်လေးလုံး ၃၆ နှစ်ပြည့်မှာ ကိုယ့်ရဲ့ထောင်တွင်း ဖိနှိပ် ခံရမှုတွေ ကို အမြဲအမှတ်ရနေပါတယ်။ လွတ်လာခဲ့ပေမဲ့ မလွတ်မြောက် သေးသူတွေကိုလည်း အမြဲကူညီ ထောက်ပံ့ရင်း လွတ်လာအောင် ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု အမည်မဖော်လိုသူ နိုင်ငံ ရေးအကျဉ်းသူ ဟောင်းတဦးက ကေအိုင်စီသို့ ပြောသည်။

ယနေ့ကျရောက်သည့် ရှစ်လေးလုံး ၃၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ နိုင်ငံ ရေး၊ စစ်ရေးအရ ရှောင်တိမ်းလာသူ အလွှာအသီးသီးတို့က စုဖွဲ့ကာ နေရာအသီးသီးတွင် ပြုလုပ်ခဲ့သည့်ဟု မဲဆောက်မြို့ နိုင်ငံရေးအသိုင်းအဝိုင်းထံမှ သိရသည်။