Home သတင်း အမျိုးသားရေး လုပ်ကိုင်သူများ ဘက်ပေါင်းစုံ သိရှိရန်နှင့် ကျရာတာဝန် ထမ်းရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်း တိုက်တွန်း

အမျိုးသားရေး လုပ်ကိုင်သူများ ဘက်ပေါင်းစုံ သိရှိရန်နှင့် ကျရာတာဝန် ထမ်းရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်း တိုက်တွန်း

169

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမျိုးသားရေးအကျိုးလုပ်ကိုင်သူများအနေဖြင့် စစ်တိုက်တတ်ရုံသာမက ဘက်ပေါင်းစုံကို သိရှိနားလည်ရန်နှင့် ကျရာထောင့်ကဏ္ဍအသီးသီးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက ယနေ့ ဩဂုတ်လ(၁၂)ရက်နေ့ ကျရောက်သည့် ကရင့်အမျိုး သားအာဇာနည်နေ့တွင် တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ဖားအံခရိုင်တွင် ယနေ့ကျင်းပပြုလုပ်သည့် (၇၄) နှစ်မြောက် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ကေအဲန်ယူ၏ ဝါရင့်တော် လှန်ရေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည့် ပဒိုစောသမိန်ထွန်းက ထိုသို့ ပြောဆိုတိုက်တွန်းခြင်းဖြစ်သည်။

“အမျိုးသားရေးအကျိုးဆောင်ရွက်ခြင်းက စစ်တိုက်တာတစ်ခုတည်းနဲ့မရဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တာကို သိရမယ်။ ထောင့်အသီးသီးက ကိုယ်သန်ရာကိုယ်လုပ်။ ထောင့်တစ်ခုတည်းကနေ လုပ်လို့မရဘူး။ ဘက်စုံထောင့်စုံကနေ ဆောင်ရွက်ရမယ်။ သူ့ထောင့်သူ့ထောင့်ကနေ တာဝန်ကျေအောင်တိုက်ရင်ရနေပြီ။ မဟုတ်ရင် အားကောင်းမှာမဟုတ်ဘူး” ဟု ပဒိုစောသမိန်ထွန်းက ပြောကြားသည်။

ထို့အပြင် သမိုင်းပေးတာဝန်ဖြစ်သည့် တော်လှန်ရေးလုပ်ဆောင်ခြင်းအား အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း စိတ်ဓာတ်ဖြင့် အသက်သေသည်အထိ စည်းဝိုင်းအပြင်မထွက်၊ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် တော်လှန်ရေး မအောင်မြင်သေးရခြင်း၏ အကြောင်းအရင်းကိုလည်း သုံးသပ်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ်က ထည့်သွင်းပြောကြားသွားသည်။

ယနေ့ အာဇာနည်နေ့အခမ်းအနားကျင်းပရာသို့ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် ပဒိုနော်ဒါးဒါး အပါအဝင် အခြား တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ၊ ကရင်လူငယ်များ၊ စုစုပေါင်း ဧည့်ပရိသတ် (၃၀၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် တက်ရောက်လာသည့်ခေါင်းဆောင်၊ လူငယ်များမှ ကရင့်အမျိုးသားတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်များအား ဦးညွတ်အလေးပြု၊ လွမ်းသူပန်းခွေချခြင်း အစီအစဥ်ပြီးနောက် အခမ်းအနား အဖွင့်အမှာစကားပြောကြားခြင်းနှင့် ခေါင်းဆောင်အသီးသီးမှလည်း မိန့်ခွန်းပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ကရင်လူငယ် စောအဲလ်ဘတ်ချိုကလည်း “တော်လှန်ရေးထဲမှာ ပေးဆပ်ရ သူတွေက ပေးဆပ်ရတာ အလကားမဖြစ်ဘူး။ ဥပမာ စောဘဦးကြီးဆို ကရင်လူထုအတွက် သူပေး ဆပ်တယ်။ လူထုက အမှတ်တရရှိတယ်၊ သူချတဲ့လမ်းကြောင်းကိုလိုက်တယ်။ အာဇာနည်ဆိုတာ အဲ့လိုမျိုး။ အာဇာနည်တွေကတော့ တာဝန်ပြည့်စုံသွားပြီဆိုပေမယ့် ကျန်ရှိသေးတဲ့သူတွေကတော့ မပြီးပြတ်သေးတဲ့တာဝန်ရှိသေးတယ်ပေါ့ အဲ့လို ခံစားရတယ်။” ဟု ပြောသည်။

ထို့အပြင် ကရင့်အမျိုး သားအာဇာနည်နေ့သို့ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ကရင်လူငယ်အစည်းအရုံး-KYO လူငယ်များမှ ဂုဏ်ပြုသီချင်းသီဆိုခြင်းနှင့် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိသူ စောအဲလ်ဘတ်ချိုအား ဂုဏ်ပြုချီးမြှင့်ပြီးနောက် ကရင်အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်ရဲဘော်များမှ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ၁၉၅၀ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ ကော့ကရိတ်မြို့နယ်၊ နဘူး-ထို့ကော်ကိုးရွာအနီး ရန်သူ၏ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့်နေ့ကို အစွဲပြု၍ ကရင်တစ်မျိုးသားလုံး၏အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။