ဩဂုတ် ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်/ တပ်မဟာ(၆) မှ ဇွန်လ(၂၈)ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ အလုပ်မှနုတ်ထွက်ကြရန် သတိပေးချက်ကို မလိုက် နာသဖြင့် ဝဲခမိကျေးရွာမှ Non CDM ဝန်ထမ်း(၅)ဦးကို ခေါ်ယူထိန်းသိမ်းထားသည်ဟု KNU ဝင်းရေးမြို့နယ် တာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီ သတ်မှတ်ချက်အရ သံဖြူဇရပ်မြို့နယ်အတွင်းရှိ KNU ဒူးပလာယာခရိုင်၏ ဝင်းရေးမြို့နယ်၊ ဝဲခမိ ကျေးရွာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် Non CDM ဆရာ၊ ဆရာမ (၅)ဦးအား ပြီးခဲ့သည့် ဩဂုတ်လ(၂)ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
KNU ဝင်းရေးမြို့နယ် တာဝန်ရှိအမျိုးသားတစ်ဦးက “အခုကိစ္စက ကျနော်တို့ထုတ်ပြန်ချက်ကို သူတို့ လိုက်နာမှုရှိ၊ မရှိအပေါ်မှာ မူတည်တယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေမှာ စစ်တပ်ယန္တရားလည်ပတ်ဖို့ရာ အလုပ်မလုပ်ဖို့၊ မပတ်သက်ဖို့အတွက် ကျနော်တို့ဘက်က အချိန်မီထုတ်ပြန်တဲ့အပြင် အချိန်လည်း ပေးတယ်။ သူတို့လိုက်နာ မှုမရှိတော့ ကျနော်တို့ဘက်က အရေးယူမှုအပိုင်းပဲကျန်တော့တာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ် ဆောင်သူများကြောင့် KNU ၏ ခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်ရေး ရှုပ်ထွေးမှုရှိနေသဖြင့် စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများ နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း(သို့မဟုတ်)KNU ထံ ပူးပေါင်းပေးကြရန်၊ စစ်ကောင်စီကို အားပေး ကူညီသည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်ကိုလည်း သတိပေးထားပြီး လိုက်နာမှုမရှိပါက အဆင့်ဆင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ထိန်းသိမ်းခံထားရသည့် Non CDM ဝန်ထမ်း(၅)ဦးမှာ ဝဲခမိကျေးရွာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြဆရာမ ဒေါ်ခင်မြတ်မြတ်ထွန်း၊ ဒေါ်ခိုင်ခိုင်မိုး၊ မူလတန်းပြဆရာ ဦးကျော်စိုးလွင်နှင့် ဦးကျော်ဘုန်းဝေတို့ ဖြစ်သည်ဟုလည်း ဒေသသတင်းမီဒီယာအချို့တွင် ရေးသားဖော်ပြကြသည်။
“ထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက် မလိုက်နာပဲ စစ်ကောင်စီရဲ့အလုပ်ကိုဆက်လုပ်နေတဲ့ Non CDM တွေကို ကျနော်တို့ဘက်ကအရေးယူမှုလုပ်ဖို့ အစီအစဉ်တွေချထားပြီးသားပါ။ ဒါကြောင့် ထုတ်ပြန် ချက်မလိုက်နာတဲ့ ဒေသအတွင်း Non CDM ကတော့ အရေးယူမှုအပိုင်း အဆင့်ဆင့်နဲ့ အားလုံးကိုအစီစဉ်တကျသွားမှာပါ။” ဟု KNU ဝင်းရေးမြို့နယ်၏ နောက်ထပ် တာဝန်ရှိတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါဝန်ထမ်းများ ယနေ့ထက်ထိ ထိန်းသိမ်းခံထားရမှုနှင့်ပတ်သက်၍လည်း ၎င်းကျေးရွာတာဝန်ရှိ သူများမှ သက်ဆိုင်ရာနှင့်သွားရောက် ညှိနှိုင်းနေသလို ရွာအနီးအနားဝန်းကျင်တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။
KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားသည့် အဆိုပါဝဲခမိကျေးရွာသည် ရေး-သံဖြူဇရပ် အမှတ်(၈)ပြည်ထောင်စု ကားလမ်းမကြီးနံဘေးတွင်ရှိသည်။ စစ်ကောင်စီယာဥ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ပွားခြင်းနှင့် ရွာအနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားရာတွင် လက်နက်ကြီး ကူညီပစ်ခတ်မှု လုပ်ဆောင်သည့် စစ်ကောင်စီ၏တန်းမြှင့်သင်တန်းကျောင်းအခြေစိုက်သည့် ကျေးရွာလည်းဖြစ်သည်။



















