ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်နေရာရှိ စစ်ကောင်စီ အမြောက်ကုန်း(စွယ်တော် အမြောက်ကုန်း)နေရာအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရသည့်အတွက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများနေ့စဉ် လုပ်ဆောင်နေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်ပြီး လေးကေကော်မြို့သစ်နေရာအား KNLA မဟာမိတ်ပူးတပ်များ ပြန်လည်ထိန်းချုပ် ထားပြီးနောက် စစ်တပ်အမြောက်ကုန်းအား ယခုဩဂုတ်လအတွင်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
စစ်ရေးနယ်မြေသတင်းအရင်းအမြစ်တစ်ခုက ” လေးကေကော် အမြောက်ကုန်းကတော့ ကရင်အဖွဲ့တွေ PDFတွေ ဝိုင်းထားတာကြာပြီ။ စနိုက်ပါနဲ့ထောက်တယ်။ ဒရုန်းနဲ့ ကြဲတယ်စခန်းတစ်ခုလုံးမွစာကြဲနေပြီ။ လူတော့ တက်တိုက်လို့ မရသေးဘူး။ သူတို့ကတော့ လက်နက်ကြီးပြန်ရမ်းပစ်တာပေါ့ “ဟု ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ ဩဂုတ်လ၂၇ ရက်၊ ည ၉ နာရီခွဲအချိန်ဝန်းကျင်တွင် လေးကေကော် စစ်ကောင်စီ အမြောက်ကုန်းက ကျေးရွာများဘက် နှင့် KNLA မဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်ဘုရားကုန်း စစ်စခန်း ဘက်ကို လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ဘက်က ပြောသည်။
“ညက ၉ နာရီ ခွဲလောက်မှာ အလုံးကြီးတွေ ဆက်တိုက်ပစ်ထုတ်တယ်။ လက်ခတ်တောင်၊ ရသေ့ဂူ၊ ကျောက်ဂူနဲ့ လေးကေကော် ရပ်ကွက်အနောက်ဘက်၊ အာရှလမ်းသစ်ဘက်တွေကိုပေါ့ ။ ထိခိုက်တာတော့မရှိပါဘူး။ သူတို့ အမြောက်ကုန်းနားကပ်လာပြီ တိုက်မယ်ဆိုတာမျိုးသတင်းရရင် သူတို့လက်နက်ကြီးပစ်ပစ်ထုတ်တယ်။ စခန်းနား မကပ်လာအောင်ပေါ့။”ဟု KNLA မဟာမိတ် သတင်းအရင်းအမြစ်က ပြောသည်။
ယနေ့ ဩဂုတ်လ၂၈ရက်နံနက်ပိုင်းတွင် လေးကေကော်၊ ဖလူး၊ မယ်ထော်သလေးကျေးရွာများဘက် တွင် ဒေသခံများသွားလာမှုနည်းပါးနေပြီး ယာယီစစ်ရှောင်စခန်းပြုလုပ်ထားသည့် အင်ကြင်းမြိုင်၊ မင်းလက်ပံ ဘုန်ကြီးကျောင်းဝင်းနှင့် ပလော့တပို့စစ်ရှောင်စခန်းအတွင်း ခေတ္တရှောင်တိမ်းနေထိုင်နေကြကြောင်း သိရှိရပါသည်။
လက်ရှိ ကရင်ပြည်နယ်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်များ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံး/ သံဖြူဇရပ်လမ်းပိုင်းများအား စစ်ရေးပိတ်ဆို့လှုပ်ရှားမှုများ ဆက်ရှိနေပြီး စစ်ကောင်စီဘက်မှလည်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့-BGF အချို့နှင့်ပူးပေါင်းကာ မြို့နယ်အခြေစိုက်စခန်း များမကျစေရေးစစ်ရေး တင်းကြပ်စောင့်ကြည့်မှုများရှိနေကြောင်း သိရသည်။