Home သတင်း လမ်းကင်းလုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

လမ်းကင်းလုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

230
Photo: ဗထူးတပ်မတော်

ဩဂုတ်၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိကျေးရွာတွင် ကျောင်းကားအသွားအပြန်အတွက် လမ်းကင်းယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ် ၂၈ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဗထူး တပ်မတော်(BHA)၊ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာ၌ ကျောင်းအသွားအပြန်အတွက် လမ်းလုံခြုံရေး ယူပေးနေသည့် စစ် ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၀၄) တပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံ၊ ရဲဘော်ထက်မြတ်က ယခုလို ပြောသည်။

“ခလရ(၁၀၄)တပ်ရင်းထဲက ကျောင်းသားတွေကို ကြိုပို့တဲ့ကားပေါ့။ အဲ့ကားကျောင်းသွား ကျောင်းပြန်တဲ့ အချိန် လမ်းကင်း လုံခြုံရေးယူတဲ့ ကောင်တွေဗျ။ ကျောင်းကားတစ်စီးအတွက် လမ်းကင်းတစ်ခါစောင့်ပေးရင် ၅ ယောက် လောက် ရှိတယ်။ တပ်ရင်းနဲ့လည်း နီးနီးလေးဆိုတော့”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခဲ့သည့်အပြင် MA-1 သေနတ်(၁)လက်၊ MA-2သေနတ်(၁) လက်၊ ၅.၅၆ ကျည်(၃၇၀)တောင့်၊ ကျည်ဘောက်(၈)ခု၊ 40mmဗုံးသီး(၁)လုံး၊ အီနာဂါ ဗုံးသီး(၃)လုံး၊ စကားပြောစက် (၁)လုံး၊ လက်ကိုင်ဖုန်း (၁)လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဗထူးတပ်မတော်မှ ပြောဆို ထားသည်။

Photo: ဗထူးတပ်မတော်

အဆိုပါ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် လက်ရှိတွင် လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား၌ စစ်ကောင်စီတပ်သားများက သွားလာနေသည့် ကားများနှင့် ဆိုင်ကယ်များကို တင်းတင်း ကြပ်ကြပ် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ထားဝယ်မြို့နယ်တွင်လည်း ယခုဩဂုတ်လ ဒုတိယအပတ်စ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များက စစ်ကောင်စီ တပ်ဖွဲ့ကို ငါးကြိမ်ထက်မနည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးအထိ သေဆုံး ခဲ့သည်ဟု ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ် ဆောင်လာသောကြောင့် ဒေသခံများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု အန္တရယ်များကို ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ကြရန် ဗထူးတပ်မတော်က ဒေသခံများအား အလေးပေး တိုက်တွန်းထားသည်။