Home တွေ့ဆုံမေးမြန်းခန်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းခြင်း

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းခြင်း

106
Photo: SHRF

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းခြင်း

(ဩဂုတ်လ ၂၇ရက်၊ ၂၀၂၄ ခုနှစ် ) ကေအိုင်စီ

“ဒဏ်ရာရတယ်၊ လက်နက်ကြီးထိတယ်ဆိုရင် ပြည်သူအချင်းချင်း အလှူငွေတွေထည့်တယ် ပေးကြတယ်” ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဒေသခံတို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရမှု အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ကူညီထောက်ပံ့နေမှုစသည့် အခြေအနေများကို ဒေသတွင်းအခြေ စိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ ရှမ်းမြောက်ပိုင်းမှာ အခုလက်ရှိ စစ်ဘေးရှောင်အခြေအနေက ဘယ်လိုရှိလဲ။ စစ်ဘေးရှောင် အရေ အတွက် ဘယ်လောက်ရှိလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ၁၀၂၇ စစ်ဆင်ရေးစပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင်ဆိုပြီး သီးသန့်မရှိတော့ ဘူး။ အများစုက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဒါမှမဟုတ် မန္တလေးမြို့ဘက်ကို ရွှေ့ပြောင်းသွားကြပြီး။ လက်ရှိက စစ်ဘေးရှောင်တွေ အများဆုံးရှိနေတာကတော့ သီပေါမှာဖြစ်တယ်။ သီပေါမြို့နယ်မှာက စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ဦးကျော် ၃,၀၀၀ အထိရှိတယ်။ တချို့ဒေသခံတွေက နေ့ဘက်ဆို ကိုယ့်အိမ်တွေမှာကိုယ့်နေပြီးတော့ ညဘက်ရောက်တဲ့ အချိန်မှပဲ ရွှေ့ပြောင်းနေကြတာတွေ ရှိတယ်။

မေး။ ။ စစ်ဘေးရှောင်အများစုက ဘယ်နေရာတွေမှာ သွားရောက်ရှောင်တိမ်း ကြတာများလဲ။
ဖြေ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဒေသကပြည်သူတွေအများစုက တောင်ကြီးကိုသွားပြီး ရှောင်တိမ်း နေကြတယ်။ အဲ့ဒီတောင်ကြီးမြို့မှာပဲ စစ်ဘေးရှောင်သူဦးရေ ၃,၀၀၀ အထိ လာရှောင်ကြတယ်။ တချို့ဒေသခံ တွေကျတော့ ကိုယ့်အမျိုးတွေရှိတယ်။ တောင်ကြီး၊ ပင်လုံ၊ လဲချား၊ မန္တလေးအဲ့လိုနေရာတွေကို ရှောင်ကြပေမဲ့ အများစုကတော့ တောင်ကြီးမြို့ဘက်ကို လာရှောင်တိမ်းကြတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တခုလုံးအနေနဲ့ဆိုရင် စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူဦးရေ ၂၅,၀၀၀ ရှိတယ်။ ကျန်တာတွေက အမျိုးအိမ်မှာနေတာတွေ၊ အိမ်ငှားပြီးနေထိုင်တာတွေအပြင် နေရပ်စွန့်ခွာ နေထိုင်သူဦးရေ တစ်သိန်းခွဲအထိ ရှိနေတယ်။ အတိအကျသိရှိဖို့ ခက်တယ်။ အခုချိန်ထိကို စစ်ဘေးရှောင်စခန်းပြန့်ကျဲနေတာမျိုး ရှိနေသေးတဲ့ အတွက်ကြောင့်ပါ။

မေး။ ။ အခုလို စစ်ဘေးရှောင်တွေအရမ်းများတော့ စစ်ရှောင်စခန်းတွေမှာ ဘယ်လိုပုံစံတွေနဲ့ အကူအညီပေး နေတာမျိုး ရှိလဲ။ ရှမ်းမြောက်မှာ ဘယ်အဖွဲ့အစည်းတွေအဓိက အကူအညီပေးနေတာ မျိုးတွေရှိလဲ။
ဖြေ။ ။ လက်ရှိမှာ ဒေသခံတော်တော်များများကတော့ သက်ဆိုင်ရာ ကော်မတီတွေဖွဲ့ပြီး နေကြတာမျိုးတွေ ရှိတယ်။ ဒေသခံတွေကို လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက နိုင်သလောက်ကူညီကြတယ်။ ဒီဘက်ကနေမှ အလှူငွေတွေနဲ့သွားကြတယ်။ စစ်ဘေးရှောင်အများစုရှိတဲ့ တောင်ကြီးလို နေရာမျိုးတွေကိုတော့ နိုင်ငံတကာက အလှူရှင်တွေ လာလှူပေးတာမျိုး တော့ရှိတယ်။

Photo: SHRF

ဒါပေမဲ့တကယ့် စစ်ဇုန်တွေ ပဋိပက္ခတွေ ဖြစ်နေတဲ့နေရာမျိုးတွေကိုတော့ အလှူရှင်တွေလာနိုင်တာမျိုးတော့ မရှိ သေးဘူး။ အဓိက ကူညီပေးနေတာကတော့ ဒေသခံပရဟိတ အဖွဲ့အစည်းအများစုနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့အစည်းတွေကနေဘဲ ကူညီပေးနေ ကြပါတယ်။

မေး။ ။ အခုလို စစ်ရေးပဋိပက္ခကြားက ပြည်သူလူထုတွေ ဘယ်လိုအကူအညီ ထောက်ပံ့မှုမျိုးအဓိက လိုအပ် သလဲ။
ဖြေ။ ။ လက်ရှိအချိန်မှာဆိုရင် ကျမတို့မှာက မိုးရွာသီကာလဖြစ်လာတဲ့အတွက်ကြောင့် ခြင်တွေပေါလာတယ်။ စစ်ဘေးရှောင် တွေအတွက် စောင်တွေလည်းလိုတယ်၊ ခြင်ထောင်တွေကတော့ အဓိကလိုအပ်ချက်ဖြစ်တယ်။ နောက်တစ်ခုက စားနပ်ရိက္ခာပေါ့နော်။ ရှမ်းမြောက်မှာက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက်ကြောင့် စားနပ်ရိက္ခာ အများစုက ဈေးကြီးပေးနေရတယ်။

မေး။ ။ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းစုံကို ဘယ်လို ကျော်ဖြတ် နေကြသလဲ။ ဆရာမတို့ အနေနဲ့လေ့လာတွေ့ရှိ ထားတာတွေ ပြောပြပေးပါ။
ဖြေ။ ။ ပြည်သူတွေအခုလက်ရှိ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတွေက ပြည်သူတွေအနေနဲ့ ဘယ်သူ့ကို အားကိုးရမလဲ ဆိုတာမျိုးမရှိတော့ဘူး။ ပြည်သူတွေအနေနဲ့ ပြည်သူတွေအချင်းချင်းပဲ ပြန်လည် ကူညီ ကြတယ်။ ခုနကပြောတဲ့ အရပ်ဘက် အဖွဲ့အစည်းအချင်းချင်းတွေကနေပဲ ကူညီပြီးတော့မှ ဖြတ်သန်းနေ ရတယ်။ သူတို့အတွက် တရားမျှတမှုလုပ်ပေးဖို့၊ သူတို့ကိုကာကွယ်ပေးဖို့ ဆိုတာကတော့ မျှော်လင့်လို့ မရတဲ့အရာ တွေပေါ့နော်။ အများစုကတော့ အချင်းချင်းပဲ ကူညီပေးနေကြတယ်။ ဒဏ်ရာရတယ်၊ လက်နက်ကြီးထိတယ်ဆိုရင် ပြည်သူအချင်းချင်း အလှူငွေတွေထည့်တယ် ပေးကြတယ် ထောက်ပံ့ကြတယ်။

မေး။ ။ တချို့စစ်ဘေးရှောင်တွေ နေရပ်ကိုပြန်ချိန်မှာ ဘယ်လိုအခြေနေမျိုးတွေနဲ့ ကြုံတွေ့ ရလဲ။ လက်ရှိ စစ်တပ်ကလည်း လေကြောင်းကနေဆက်တိုက် တိုက်ခိုက်နေတာဆိုတော့ အဲ့ဒီအခြေအနေကိုလည်း ပြောပေးပါ။
ဖြေ။ ။ နေရပ်ပြန်တဲ့သူတွေ တချို့တွေကျတော့ နေအိမ်တွေကို ဖောက်ထွင်းပြီး ခိုးခံထားရတယ်။ တရားဥပဒေ စိုးမိုးမှု မရှိသေးတဲ့အတွက်ကြောင့် နေအိမ်တွေဖျက်ဆီး ခံထားရတယ်။ ဖောက်ထွင်းခံရတယ်၊ ခိုးခံရတယ်။ နောက်တစ်ခုက ဈေးကွက်စီးပွားရေးစနစ်လုံးဝကို မလည်ပတ်သေးဘူး။ အဲ့အတွက်ကြောင့် စားဖို့သောက်ဖို့ လောက်ပဲ ဈေးရောင်းဈေးဝယ် ရှိတယ်။ တချို့လုပ်ငန်းတွေက မလည်ပတ်နိုင်သေးတဲ့အတွက်ကြောင့် စားဝတ် နေရေး အခက်အခဲတွေလည်း အများကြီးကြုံတွေ့နေရတာမျိုး ရှိပါတယ်။

မေး။ ။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေကိုကူညီဖို့ အကူအညီရရှိမှုအခြေနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ အခုချိန်ထိ ကျမတို့ သိသလောက်မြေပြင်မှာ ကူညီနေတဲ့အဖွဲ့အစည်းတွေက သေသေချာချာလေး သွားပြီးတော့မှ အထောက်အပံ့ရတာမျိုး မရှိသေးဘူး။ ပြည်သူကနေပြီးတော့မှ ပြည်သူကို အချင်းချင်းကူညီ ပြီးတော့မှ ရတဲ့အလှူငွေတွေနဲ့ပဲ ရပ်တည်နေရတယ်။