မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူနှင့်မေးမြန်းချက်
( ဩဂုတ် ၂၈ရက်၊ ၂၀၂၄ခုနှစ်)ကေအိုင်စီ
“လာကူတဲ့အဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ခံထားတဲ့အဖွဲ့အစည်း ဖြစ်ရမယ်။ အဲ့လိုမှ မဟုတ်ရင် တဖက်က ဒုက္ခပေးတယ်၊ တဖက်က စစ်ရှောင်တွေကို လာကူတယ်ဆိုပြီး စစ်ရှောင်တွေရဲ့ ဒေတာ အချက်အလက်တွေယူ၊ နိုင်ငံတကာရှေ့မှာ နိုင်ငံရေး အမြတ်ထုတ်တာတွေရှိမှာ စိုးတယ်” ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူတစ်ဦး
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၃) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း ပိုမိုပြင်းထန်လာသော တိုက်ပွဲ ပဋိပက္ခဖြစ်စဥ်များကြောင့် စစ်ဘေးရှောင်အရေအတွက် တဖြည်းဖြည်းမြင့်တက်လာပြီး အကူအညီများလည်း ယနေ့ထိတိုင် လိုအပ်ချက်များပြားလျက်ရှိပါသည်။
ယင်းစစ်ဘေးရှောင်ပြည်သူလူထုအား စားနပ်ရိက္ခာပေးဝေထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီအား မြို့နယ်အလိုက်ဖွဲ့စည်းပြီး စစ်ဘေးရှောင်ပြည်သူတို့အား မြေပြင်အထိ စာရင်းအချက်အလက်ရယူ ကူညီဆောင်ရွက်ပေးနေသည့် ကော်မတီတစ်ခုလည်း ဖြစ်သည်။
KNU အသိအမှတ်ပြု ကော်မတီတစ်ခုအနေဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက် လုံးဝမလွတ်ကင်းသေးသည့် နယ်မြေအတွင်း ကူညီထောက်ပံ့ရေး လုပ်ဆောင်နေပုံ၊ ကော်မတီက လက်တွဲလုပ်ဆောင်နေသည့် အရပ်ဖက် အဖွဲ့များနှင့် ကြုံတွေ့နေရသည့်အခက်အခဲများကို သိရှိနိုင်ရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီအကြောင်း အရင်ရှင်းပြပေးပါဦး။
ဖြေ။ ။ အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဆိုတာက ကျနော်တို့ညောင်လေးပင်ခရိုင် မြို့နယ် (၃) မြို့နယ်လုံးမှာ ဖွဲ့ထားတယ်။ မြို့နယ်အဆင့်၊ ကျေးရွာအဆင့် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီဆိုပြီး ဖွဲ့ထားတာ။ ကျေးရွာတွေမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီးတော့ ကျနော်တို့မြေပြင်မှာ ဖြစ်ပျက် နေတာတွေကို စာရင်းပေးပို့ပြီး လုပ်ဆောင်တာပေါ့။ KNU က အသိမှတ်ပြုထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်တယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသခံပြည်သူတွေ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ပြန်လည်တည်ဆောက်ရာမှာ ကျေးရွာမှာ အစည်းအဝေးခေါ်ပြီး ပြည်သူတွေရွေးချင်တဲ့ ကျေးရွာလူကြီးကို ရွေးကောက်ခန့်အပ်တယ်။ အဲဒီ သူတို့ခန့်အပ်တဲ့လူကြီးအပေါ် KNU က အသိအမှတ်ပြုပေးတယ်။ ဒီလိုပဲ ကော်မတီဖွဲ့တာလည်း KNU က ခန့်အပ် ဖွဲ့စည်းတာမဟုတ်ဘဲ ကျေးရွာပြည်သူသဘောနဲ့ ခန့်အပ်တဲ့တာဝန်ခံကိုမှ KNU က အသိအမှတ်ပြုပေးရုံဖြစ်တယ်။
မေး။ ။ ကော်မတီ ဖွဲ့စည်းဖြစ်ခဲ့ပုံကိုလည်း သိပါရစေ။
ဖြေ။ ။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတာ ပထမကတော့ အပစ်အခတ်ရပ် ကာလထဲမှာ ပြည်သူတွေအနေနဲ့ ကျောက်ကြီး – မူသယ်ကားလမ်းမှာ နှစ်ဖက်တပ်တွေ လှုပ်ရှားမှုကို ကြည့်ပြီးတော့ ပြည်သူတွေနဲ့ နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ ချိတ်ဆက်မှုရနိုင်ဖို့ စုဖွဲ့တဲ့ လူမှုရေးရာအဖွဲ့အစည်း ဖြစ်ခဲ့တယ်ပေါ့။
လက်ရှိကတော့ လူမှုရေးရာအဖွဲ့အစည်းထက် ပဋိပက္ခထဲမှာ လက်ရှိတိုက်ပွဲကြောင့် ဒုက္ခရောက်တဲ့ ထိခိုက်တဲ့ စစ်ဘေးရှောင်စာရင်း လိုက်ကောက်တာတို့ ဘာတို့အတွက် မြို့နယ်က တရားဝင်အသိမှတ်ပြုထားတဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းဖြစ်လာတယ်။ ပြည်သူတွေရဲ့အခြေအနေကြောင့် ကျန်းမာရေးရော စားဝတ်နေရေးအတွက်ရော ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး လိုက်လုပ်တာရှိတာပေါ့။
မေး။ ။ စစ်ကောင်စီထိန်းချုပ်မှုရှိနေတဲ့ နယ်မြေတွေလည်း ညောင်လေးပင်ခရိုင်ထဲမှာ ကျန်ရှိနေသေးတယ်ဆိုတော့ ကော်မတီအနေနဲ့ ဒေသခံတွေကို ထောက်ပံ့မှုပေးရာမှာ ဘယ်လိုဆောင်ရွက်ပါလဲ။ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြပါလဲ။
ဖြေ။ ။ ဥပမာ မုန်းမြို့နယ်ထဲမှာဆို စစ်တောင်းမြစ်အနောက်ဘက်ကမ်းအထိ ဖြူးနဲ့အနီးနားတဝိုက်က ကျေးရွာတွေပေါ့။ စစ်တပ်က လက်နက်ကြီးပစ်တာက စစ်တောင်းရဲ့အနောက်ဘက်ခြမ်းရွာတွေကိုပစ်တာ ပိုများတယ်။ ကူညီထောက်ပံ့တဲ့နေရာမှာ ကျနော်တို့က လက်နက်ကြီး အမြဲတမ်းကျတဲ့နေရာတွေကို သွားကူလို့ မရတော့ သူတို့မိသားစုဝင်တွေကို ဘေးလွတ်ရာခေါ်ပြီးတော့ လှူရတယ်။ အခုဆို KWO အဖွဲ့တွေလည်း လာလှူတာရှိတယ်။
အခြားအရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်း လာကူတာရှိတယ်။ ကူတဲ့အပေါ်မှာ မြို့နယ်က တာဝန်ရှိတဲ့ သူတွေက လုံခြုံတဲ့နေရာတစ်နေရာမှာ ပြည်သူစာရင်းကောက်ပြီးတော့ ကျေးရွာလူကြီးတွေ မိသားစုဝင်တွေကို ပြန်ပေးတာရှိတယ်။ ခုနကပြောတဲ့အဖွဲ့တွေက လာပြီးတော့လှူတာပေါ့။ သူတို့လာတာလည်း အစီအစဥ်တကျနဲ့ လာတာလေ။ ဗဟိုခရိုင်ကနေ မြို့နယ်သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်မှုတာဝန်ခံတွေကို တရားဝင် အကြောင်းကြားပြီး အကူအညီတောင်းတာပေါ့။ ကျနော်တို့ရထားတဲ့ စာရင်းတွေအရ ကူညီထောက်ပံ့မှုက သွားတာပေါ့။
မေး။ ။ အကူအညီပေးရာမှာရော စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်အပြင် ဘာတွေအခက်အခဲရှိလဲ။
ဖြေ။ ။ စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာလည်း အခက်အခဲရှိတာပေါ့။ ဒီကာလက တော်တော်လေး နေမကောင်း၊ ဖျားနာကြတော့ စားနပ်ရိက္ခာအပြင် ဆေးဝါး၊ ကျန်းမာရေးပိုင်း လိုအပ်ချက်ရှိတယ်။ နောက်ပြီး လူသားချင်း စာနာမှုအကူအညီ လိုအပ်တဲ့စာရင်းကောက်တဲ့အထဲမှာ ကျန်နေခဲ့တဲ့သူတွေလည်း အများကြီးရှိတယ်။ သတင်းနှောင့်နှေးမှုအပေါ်မှာ အကူအညီမရသေးတဲ့သူတွေပေါ့။
သတင်းနှောင့်နှေးတယ်ဆိုတာကလည်း တချို့သောကျေးရွာတွေမှာ ကျေးရွာခံအရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဝင်က အခြေအနေအရ ရွာမှာမနေရဲလို့ တခြားသောနေရာတွေမှာ ရှောင်တာရှိတော့ သတင်းက အချိန်နဲ့တပြေးညီ သက်ဆိုင်ရာကို မတက်လို့ စာရင်းကြန့်ကြာတာတွေရှိတာပေါ့။ ပြီးခဲ့တဲ့ ရေဘေးတုန်းက အကူအညီပေးဖို့ တောင်ငူဘက်ကနေ မုန်းမြို့နယ်ထဲ လာတဲ့အဖွဲ့တချို့ကို စစ်တပ်က မြို့နယ်ထဲအဝင်မခံတဲ့ ဖြစ်ရပ်မျိုးလည်း ဖြစ်ခဲ့ဖူးတယ်။
မေး။ ။ မြို့နယ်ထဲအကူအညီပေးရေးရော ဘယ်လိုပုံစံနဲ့သွားနေပါလဲ။ KNU ဘက်ကရော လူသားချင်းစာနာမှုအတွက် အကူအညီပေးတဲ့အဖွဲ့တွေကို တားမြစ်ထားတာရှိပါလား။ ပြောပြပေးပါဦး။
ဖြေ။ ။ ပြည်သူကပြည်သူကို ပြန်ကူညီတာတစ်ခု KNU က အသိမှတ်ပြုထားတဲ့ ကျနော်တို့ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအဖွဲ့ဖြစ်စေ၊ အခြားသောအရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်းရှိတော့ အားလုံးလက်တွဲပြီး ကူညီထောက်ပံ့တာတစ်ခုပေါ့။ သူတို့ထောက်ပံ့ရင်လည်း ဗဟို၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် အစီအစဥ်တကျ သွားရမှာရှိတယ်။
ကျနော်တို့ ပထမဖွဲ့ထားတဲ့ လူမှုရေးရာအဖွဲ့က လူသားချင်းစာနာကူညီထောက်ပံ့သလိုပဲပေါ့။ ပြည်တွင်းမှာကျတော့ ကျနော်တို့ လူမူရေးရာတာဝန်ခံနဲ့ တိုက်ရိုက်ချိတ်ပြီး ကူညီနိုင်သလို နိုင်ငံတကာက အကူအညီဆိုရင်လည်း ဗဟိုကနေ ခရိုင်၊ မြို့နယ်ကို အဆင့်ဆင့်ဖြတ်ပြီး မြေပြင်ကလှုပ်ရှားနေတဲ့ အဖွဲ့တွေကို ချိတ်တာ ရှိတယ်။ လူသားချင်းစာနာမှုလို့ ပြောပေမယ့် တဖက်မှာ စစ်တပ်က ပြည်သူတွေကို လက်နက်ကြီး တွေနဲ့ပစ်လို့ စစ်ရှောင်နေရ ပြေးနေရတယ်လေ။
KNU က အဝင်မခံဘဲ တားမြစ်ထားတဲ့ အဖွဲ့တော့မရှိပါဘူး။ ဒါပေမဲ့ လာကူတဲ့အဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ခံထားတဲ့အဖွဲ့အစည်း ဖြစ်ရမယ်။ အဲ့လိုမှ မဟုတ်ရင် တဖက်ကဒုက္ခပေးတယ်၊ တဖက်က စစ်ရှောင်တွေကို လာကူတယ်ဆိုပြီး စစ်ရှောင်တွေရဲ့ ဒေတာအချက်အလက်တွေယူ၊ နိုင်ငံတကာရှေ့မှာ နိုင်ငံရေး အမြတ်ထုတ်တာတွေ ရှိမှာစိုးတယ်။ အဲ့လိုအဖွဲ့အစည်းတွေ ဝင်လာမှာရှိတဲ့အပေါ် မြို့နယ်အလိုက် တာဝန်ရှိသူ တွေကတော့ စိစစ်ပြီး လုပ်ဆောင်ပါတယ်။