Home ဆောင်းပါး မဟာမိတ် “ဘုံ” ရပ်တည်ချက်နှင့် တရုတ်အားပေးသည့် ရွေးကောက်ပွဲ

မဟာမိတ် “ဘုံ” ရပ်တည်ချက်နှင့် တရုတ်အားပေးသည့် ရွေးကောက်ပွဲ

134
Photo: Internet

မဟာမိတ် “ဘုံ” ရပ်တည်ချက်နှင့် တရုတ်အားပေးသည့် ရွေးကောက်ပွဲ

(ဩဂုတ်လ ၂၈၊ ၂၀၂၄ ခုနှစ်)

ထူးကပေါ်

ဩဂုတ်လအတွင်း မြန်မာ့ပဋိပက္ခထွက်ပေါက် (ဝါ) ဖြေရှင်းရေးလမ်းစတို့ကို သံတမန်လမ်းကြောင်းဖြင့် ပြောဆိုမှု၊ ဆွေး နွေးမှုများ လှုပ်လှုပ်ခတ်ခတ်ရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဩဂုတ်လ ၁၄ရက်နေ့တွင် နေပြည်တော်ခရီးစဉ် ဆွေးနွေးမှုများမှတစ်ဆင့် တရုတ်၏မြန်မာနိုင်ငံအပေါ် သဘောထား ကို လှစ်ဟပြသွားခဲ့သည်။

အခြားတစ်ဖက်တွင်မှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC တို့ ဩဂုတ်လ ၁၅ရက်နေ့တွင် အွန်လိုင်းမှ တဆင့် တွေ့ဆုံဆွေးနွေးမှုတစ်ခုလည်း တန်ပြန် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ပဋိပက္ခအပေါ် နိုင်ငံတကာကြားဝင်စေ့စပ်ရေးအပိုင်း မတွင်ကျယ်သေးချိန် ယခုလို ဒေသတွင်း ဩဇာရှိ သည့် တရုတ်နိုင်ငံက ဦးဆောင်ပါဝင်မည့်သဘော အားထုတ်လာသည်ကို ထင်ရှားစွာတွေ့နိုင်သလို တော်လှန်ရေး မဟာမိတ်များအနေဖြင့် စစ်ရေးနည်းဖြင့်သာ ကနဦး အောင်ပွဲဆင်ရန် အသားပေးနေသည်မှာ ထင်ရှားသည်။

လက်ရှိ မြန်မာနိုင်ငံအရေးကို အဖြေရှာရာ၌ တရုတ်နိုင်ငံအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိတိကျကျ ပြောဆိုလိုက်သည်။
အခြားတဖက်တွင်မူ အထူးသဖြင့် အခြားတဖက်တွင်မူ အထူးသဖြင့် ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း တို့ပါဝင်သည့် K3C နှင့် NUG တို့ကမူ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပျက်ပြယ်သွားပြီဟု တိတိပပ ပြောဆိုထားသည်။ ဖက်ဒ ရယ်ဖွဲ့စည်းပုံ အသစ်ရေးဆွဲကာ နိုင်ငံတော်သစ်ဆီသို့သာ မျှော်မှန်းသည့် ရပ်တည်ချက်ထားရှိသည်ကို တွေ့ရသည်။

မဟာမိတ်တို့၏ “ဘုံ” သဘောထား
K3C နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တို့က ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်နေ့တွင် နိုင်ငံရေးအရ “ဘုံ”သဘော ထားရပ်တည်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘောထားရပ်တည်ချက်တွင် ဦးတည်ချက် ၆ခု ပါဝင်သည်။ ယင်းတို့မှ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက် ကိုင်တပ်အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝ ထားရှိရန် ဟူ၍ဖြစ်သည်။

ထိုနှစ်ချက်တွင် “စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး” ဆိုသည့်စကားရပ်၌ အာဏာသိမ်းမှုကို စစ်ရေးနည်း၊ နိုင်ငံတကာ ဖိအား သို့မဟုတ် နိုင်ငံရေးနည်းလမ်း စသဖြင့် ဖြစ်နိုင်သည့်နည်းများဖြင့် ဖယ်ရှားသွားမည်ဟု နားလည်နိုင်သည်။ တတိယအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်အသက်သွင်းရန် ကြိုးပမ်းမှုဟူသမျှ တိုက်ဖျက်ရန်ဟု ပါရှိပြီး ဆိုင်သူအားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်ဟု ဖော်ပြထားသည်။ ထို့အတွက် အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ဖွဲ့စည်း ပုံအသစ်ဖြင့် ပုံဖော်ရန် မျှော်မှန်းထားသည်မှာ ထင်ရှားသည်။

ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “K3C ထဲမှာတော့ ဒီစစ်ရေးနိုင်ငံရေး သဘောတူညီချက် ထူးထူး ခြားခြား ပြောစရာမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်က ဒီစစ်အာဏာရှင်စနစ်နဲ့ ဘယ်အာ ဏာရှင်စနစ်မဆို ပျက်သုဉ်းပြီးတော့ ကျနော်တို့ ဒီတိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကျန်ဦးတည်ချက်တို့မှာ ထွက်ပေါ်လာသည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် စသည်တို့ ဖြစ်သည်။

“ကျနော်တို့ အုပ်ချုပ်သူ ပြောင်းလဲရေးကတော့ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရတော့ဘူး။ System change စနစ် တစ်ခုလုံး အကုန်လုံး ပြောင်းပြန်လှန်ပြီးတော့ အသစ်နဲ့ တည်ဆောက်မယ်ဆိုတာ ကျနော်တို့ K3C ထဲမှာ သဘောတူညီ ချက်ကျပြီးသား။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒီဟာတွေဟာ စစ်ရေးနဲ့ နိုင်ငံရေးဘက်မှာ ဟန်ချက်ညီ ထပ်ပြီး လုပ်သွား မဲ့ဟာလို့တော့ ပြောလို့ရတာပေါ့နော်။”ဟု ပဒိုစောတောနီးက ဆက်ပြောသည်။

ထို့အပြင် မဟာမိတ်တို့၏ ဘုံသဘောထားတွင် မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့် ကို အသေးစိတ်ဖော်ပြထားပြီး သက်ဆိုင်သူများနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

“တော်လှန်ရေးအဖွဲ့တွေ စုစည်းညီညွတ်ဖို့အတွက် ဆက်ကူညီသွားဖို့ ရှိတယ်။ စစ်ကောင်စီကို ဆက်ဖိအားပေးတာ တော့ ဘာမှ အပြောင်းအလဲမရှိဘဲနဲ့ ဆက်လုပ်သွားမယ်လို့ ပြောသွားတာရှိတယ်။”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်က K3C နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့ကြောင်း ပဒိုစောတောနီးက ပြန်လည်ပြောဆိုသည်။

Photo: Crd.

မြန်မာအပေါ် တရုတ်နိုင်ငံ၏ သဘောထား
အများသိပြီးဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဩဂုတ် ၁၄ရက်နေ့ နေပြည်တော်ခရီးစဉ်နှင့် ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့၌ ဩဂုတ် ၁၆ရက်နေ့တွင်ကျင်းပခဲ့သည့် ၉ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေးတို့၌ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို တိတိကျကျ ထုတ်ပြောခဲ့ သည်။ ထိုပြောဆိုခဲ့မှုများကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်‌ပေးထားခဲ့သည်။

“မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ကြိုးပမ်းဖော် ဆောင်ကာ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင်ပြေချောမွေ့စွာကျင်းပပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် အမြဲတစေထောက်ခံပါကြောင်း”ဟု အာဏာရှင်ဟောင်း ဦးသန်းရွှေ နှင့်တွေ့ဆုံစဉ် မစ္စတာဝမ်ယိက ပြောခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ယခုလအတွင်း ပြင်ဆင်လိုက်သည့် နိုင်ငံရေးဦးတည်ချက် ၅ခုထဲမှ အချက်နှစ်ခုတွင် ရွေး ကောက်ပွဲနှင့် ပတ်သက်၍ အသားပေးဖော်ပြထားသည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိအောင် လုပ်ဆောင်မည်ဟု ဖော်ပြထားသလို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်က မကြာခန ဆိုသလို ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

တရုတ်၏ မြန်မာအပေါ် သဘောထားများကို အနှစ်ချုပ်ကြည့်လျင် လက်ရှိပဋိပက္ခအတွက် ရွေးကောက်ပွဲထွက်ပေါက် မှတစ်ဆင့် ပုံဖော်ရန်၊ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းများ လုံခြုံမှု ပေးနိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မည့်လုပ်ရပ်များကို ဆန့်ကျင်ကြောင်းနှင့် မြန်မာ့အရေးကို တခြားအင်အား ကြီးနိုင်ငံများက ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သည်ဟု တရားဝင် ပြောဆိုထားသည်။

တရုတ်အနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ရှမ်းမြောက်အပစ်ရပ်ရေး၊ ဟိုင်ဂင် ဆွေးနွေးပွဲများထက် ကျော်လွန်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံသည့်လမ်းကြောင်းမျိုးကို ဆွေးနွေးအဆိုပြုလာသည်ဟုမြင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျူ (ISP-Myanmar) က သုံးသပ်ပြောဆိုသည်။

ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးအကြောင်း လေ့လာပြီး ဆောင်းပါးများရေးသားနေသူ ဘာတေးလ်လင့်တနာ (Bertil Lintner) က မြန်မာနိုင်ငံ ဒီမိုကရေစီ ရှင်သန်ကြီးထွားလာမည်ကို တရုတ်နိုင်ငံက လိုလားသည့်အသွင် မတွေ့ရ သလို မတည်မငြိမ် အခြေအနေမျိုးသည် တရုတ်အတွက် ပိုအကျိုးများသော်လည်း ဝရုန်းသုန်းကား အခြေအနေမျိုးကိုမူ တရုတ်က မလိုလားသည်ကိုတွေ့ရသည်ဟု မှတ်ချက်ပြုပြောသည်။

ပဋိပက္ခဖြေရှင်းရေး အလားအလာ
လတ်တလော မြန်မာ့အရေးပဋိပက္ခ ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံ၏ သဘောထားသည် စစ်ကောင်စီ၏ ဦးတည် ချက်နှင့် တူညီသလို ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ရွေးကောက်ပွဲလမ်းကြောင်းကို ဦးတည်ထားသည်ဟု ဆိုနိုင်သည်။

“မြန်မာ့အကျပ်အတည်းဖြေရှင်းရာမှာ လုပ်ငန်းစဉ်ဗျူဟာ(process strategy) လိုအပ်နေတာမှန်ပေမဲ့ ပြည်တွင်းမှာ ရော နိုင်ငံတကာမှာပါ ပဋိပက္ခဖြေရှင်းရေးအတွက် ဦးစီးဦးဆောင်ပြုမှုမရှိဘဲ လေဟာနယ်ဖြစ်နေချိန်မှာ တရုတ်နိုင်ငံက ‘ဆင်သွားရင် လမ်းဖြစ်’ လက်ဦးမှုရှိရှိ အချိန်ကိုက်နေရာယူ လမ်းထွင်တာပဲ ဖြစ်ပါတယ်။”ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) က သုံးသပ်ပြောဆိုထားသည်။

ယခုလို တရုတ်နိုင်ငံက အားထုတ်လုပ်ဆောင်နေမှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် မစ္စဂျူလီ ဘစ်ရှော့ (Ms. Julie Bishop) က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တမူထူးခြားသော အကျိုးသက်ရောက်မှုရှိကြောင်း ဩဂုတ် ၂၀ရက်နေ့တွင် မစ္စတာ ဝမ်ယိနှင့် တွေ့ဆုံစဉ်ပြောဆိုထားသည်။ ထို့အပြင် တရုတ်အနေဖြင့် တောင်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် NUG တို့နှင့် ဆွေးနွေးမှုများ ရှိသည်ဟု ISP-Myanmar က ဆိုသည်။ ထို့ကြောင့် တရုတ်အနေဖြင့် အားလုံးပါဝင်ဖြေရှင်းရေးအတွက် အားထုတ်နေ သည်ကို တွေ့ရသည်။

သို့သော် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့များကမူ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတော့သလို ဖက်ဒရယ်ဒီမိုက ရေစီဖွဲ့စည်းပုံသစ်ဖြင့်သာ ပုံဖော်လိုသည်။ ထိုသို့ပုံဖော်ရန် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို စစ်ရေးအရ လုပ်ဆောင် သွားရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ NUG/PDF ကနဦး အလေးထားလုပ်ဆောင်နေချိန်ဖြစ်သည်။ ထိုသို့မဟာ မိတ်များ စစ်ရေးအရ ကြိုးပမ်းနေမှုများအပေါ် ဝါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာက တော်လှန်ရေးအဖွဲ့များ အနေဖြင့် စစ်တပ်ကို အပြီးတိုင်ချေမုန်းနိုင်ရေးအတွက် စုစည်းညီညွတ်မှုလိုအပ်နေသေးသည်ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိ တရုတ်နိုင်ငံ၏ မြန်မာ့အရေး ကြိုးပမ်းမှုများသည် အကန့်အသတ်ရှိနေပြီး အာဆီယံနှင့် ကုလသမဂ္ဂအဆင့်တို့ က လက်ခံလာအောင် လုပ်ဆောင်သွားရမည်ဖြစ်သလို လုပ်ငန်းစဉ်ဗျူဟာတို့သည် မြန်မာပြည်သူလူထု ဆန္ဒနှင့် ဝေးကွာ၍မရသလို ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရန် မဟာဗျူဟာနှင့် ပေါင်းစပ်ညှိနှိုင်းမှုများရှိမှသာ အောင်မြင် နိုင်သည်ဟု ISP-Myanmar က သုံးသပ်ထားသည်။