ဩဂုတ် ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ လန်စီမြို့၌ ယမန်နေ့ ဩဂုတ် ၄ ရက်နေ့က ကျင်းပခဲ့သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် ဒုံးအဖွဲ့က ဆန်းသစ်ထားသည့် ရိုးရာဝတ်စုံဖြင့် ကပြဖျော်ဖြေခဲ့မှုအပေါ် အင်တာနက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှု မြင့်တက်လျက်ရှိသည်။
အဆိုပါ လက်ချည်ပွဲတွင် ကပြဖျော်ဖြေသည့် အမျိုးသမီးဒုံးဝတ်စုံ၏ နောက်ကျောတွင် လိပ်ပြာပုံဖဲပြားဖြင့် တီထွင် ဆန်းသစ်ထားသည့်အပေါ် ရိုးရာဝတ်စားဆင်ယင်ပုံနှင့် ခွဲထွက်သည့်ဟန်ကြောင့် အချို့က လက်ခံ၍မရ ဖြစ်ကာ ယခုလို ဝေဖန်ထောက်ပြခြင်းဖြစ်သည်ဟု ဘန်ကောက်သို့ ရောက်ရှိနေသူ နန်းအိန်ဖော့က ယခုလို ပြောသည်။
“ကျမကတော့ ဒါကိုလက်မခံနိုင်ဘူး။ ဒုံးဝတ်စုံ မဟုတ်တဲ့ဟာဆိုရင် ကြိုက်သလို တီထွင်လို့ရတယ်။ ကျမတို့ ကရင်ဒုံးဝတ်စုံက ကြည့်ရတာရိုးရိုးလေးနဲ့လှတယ်။ ဒါပေမယ့် ဒီလိုကလေးဆန်တဲ့ပုံနဲ့ လိုက်ထွင်ပြီး လုပ်တာကို တော့ သဘောမကျဘူး။ နောက်ဆိုရင် ကရင်ဒုံးဝတ်စုံက အမျိုးမျိုးလိုက်ဖန်တီးမှာ စိုးရိမ်တယ်” ဟု ကေအိုင်စီသို့ ၎င်းက ပြောသည်။
ရိုးရာဒုံးဝတ်စုံနှင့်မညီဘဲ ခေတ်ပေါ် ဆန်းသစ်တီထွင်မှုလုပ်ဆောင်ခြင်းသည် ရိုးရာဒုံးဝတ်စုံကို ဖျက်ဆီးရာရောက် နိုင်သည့်အတွက် ယခုလိုပုံစံမျိုး ဆန်းသစ်တီထွင်မှုလုပ်ဆောင်ခြင်းကို ဆင်ခြင်သင့်ကြောင်းလည်း ဒုံးသုတေသီ- ဝါရင့်ဒုံးဆရာ တစ်ဦးလည်းဖြစ်သူ စောမြင့်သူ(ဖားအံ)က မှတ်ချက်ပြု ပြောဆိုသည်။
“တစ်ခုခုလုပ်ရင် ရိုးရာဓလေ့အစဉ်အလာကိုလည်း ပြန်ကြည့်သင့်တယ်။ အခုက သူတို့လုပ်ချင်တာကို လိုက်ပြီး ဆန်းသစ်တီထွင်ပြီး လုပ်တယ်။ သူတို့ကတဲ့သီချင်းမှာလည်း ရိုးရာတူရိယာ ၇ မျိုးနဲ့တီး ထားတာမဟုတ်ဘူး။ အနောက်တိုင်း ခေတ်ပေါ်တူရိယာနဲ့ တီးထားတဲ့ဒုံး လုံးဝကရင်ရိုးရာကို ဖျက်ဆီးထားတယ်” ၎င်းက ပြောသည်။

အဆိုပါ စုပေါင်း လက်ချည်ပွဲသို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမား ကရင်လူမျိုးထောင်နှင့် ချီပါဝင်တက်ရောက်ကြသလို ထိုဒေသရှိ ထိုင်းအာဏာပိုင်များလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပွဲတော်အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့မှုအပေါ် ဂုဏ်ယူသလို၊ ပွဲတော်တွင် အချို့မပြည့်စုံမှုများလည်း ရှိကြောင်း၊ ဝေဖန်ထောက်ပြတဲ့အတွက် ကျေးဇူးတင်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။
“ဒုံးဝတ်စုံ ကိစ္စကတော့ ဒုံးဆရာတွေက ဘာရည်ရွယ်ချက်မှမပါဘဲ အမြင်ဆန်းအောင်၊ လှအောင် တီထွင်ဆန်းသစ် တာပဲရှိပါတယ်။ ပျက်စီးစေဖို့အတွက် လုပ်တာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
လန်စီမြို့တွင်ကျင်းပခဲ့သည့် လက်ချည်ပွဲကို လန်စီရှိ ကရင်အဖွဲ့ဖြစ်သည့် (ဃှီ့လာအှ်ကုံ လန်စီဍုံ) ကဦးဆောင် ကျင်းပခြင်းဖြစ်ကာ ကရင်တို့အပြင် မွန်၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသား ကိုယ်စားလှယ်များလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။



















