Home သတင်း ဖားအံမြို့အနီး ဒုံရင်းနယ်တွင် လောင်းကစားပွဲ(အာဝါဒေး) များဖြင့် စည်ကားနေ

ဖားအံမြို့အနီး ဒုံရင်းနယ်တွင် လောင်းကစားပွဲ(အာဝါဒေး) များဖြင့် စည်ကားနေ

677
ပုံဟောင်း

ဩဂုတ် ၂၈ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီလွှမ်းမိုးနေမြေဖြစ်သည့် ကရင်ပြည်နယ် ဖားအံမြို့ပြင် ဇွဲကပင်တောင်ခြေအနီးရှိ ဒုံရင်းနယ်ထဲတွင် နေ့ရောညပါ အဖမ်းအဆီးမရှိဘဲ လောင်းကစား (ဒေသအခေါ် အာဝါဒေး)ပွဲများ စည်းကားလျက်ရှိသည်ဟု ဒေသခံ များက ပြောသည်။

အဆိုပါလောင်းကစားပွဲများကို ညပိုင်းတွင်သာမက ယခု နေ့ခင်းပိုင်းများတွင်ပါ ပြုလုပ်နေပြီး အတား အဆီး၊ အဖမ်းအဆီးမရှိသည့်အပြင် ငြိမ်းချမ်းရေးကောင်စီ (PC) အဖွဲ့ဝင်တချို့က လုံခြုံရေး ယူပေးထားသည်ဟု ဒေသခံ များထံမှ သိရသည်။

“သူတို့က မနက်ပိုင်း ၅နာရီလောက်ဆိုရင် တစ်ချက်ပြီးသွားတယ်။ ပြီးတော့ နေ့လယ် ၁၁ – ၁၂နာရီ တခေါက် ပြန်စည်ကားလာတယ်၊ ညနေ ၅ နာရီအထိ။ ပြီးတော့ တခေါက်ပြန်နား ၊ ညရောက်ပြန်စည်ကားလာတယ်။ နွေရာသီမှာတုန်းကတောာ့ ဇာတ်ပွဲတွေနဲ့လုပ်တယ်။ အခုမိုးရာသီကတော့ ဇာတ်ပွဲမပါဘူး။ အဲလိုပဲလာ ကစား တယ်။ အဲမှာတော့ရောင်းတဲ့ဆိုင်တွေရှိတယ် ။ ကားတွေဆိုင်ကယ်တွေအများကြီးပါပဲ။ နေ့ည လူဝင်လူထွက် ရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အာဝါဒေးပွဲထဲတွင် အန်ကလုံ၊ ငါးပစ်ဂိမ်းအပါအဝင် အခြားလောင်းကစားများလည်းပါဝင်ကာ လာရောက် ကစားသူများသည် လူလတ်ပိုင်းနှင့်လူကြီးပိုင်း အမျိုးသား၊ အမျိုးသမီးများစသဖြင့် အလွှာစုံပါသည်ဟု လောင်းကစားပွဲအကြောင်း သိထားသူ ဒေသခံတို့က ပြောသည်။

လာရောက်လောင်းကစားသူ တချို့သည် အိမ်ခြံ၊ မြေ၊ ကား၊ ပစ္စည်း ဆုံးရှုံးသည်အထိ ကစားသူများ ရှိသလို လောင်းကစားပွဲခင်းထဲ စိတ်ကြွရူးသွပ်ဆေး (မြင်းဆေး) များလည်း အလွယ်တကူ ဝယ်ယူ၍ သုံးစွဲ သည်အထိ ဖြစ်ပွားနေသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တိုက်ပွဲပြင်းထန်လျက်ရှိသလို လက်ရှိ အချိန်ထိ တချို့နေရာများတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သော်လည်း စစ်ကောင်စီထိန်းချုပ် နယ်မြေဖြစ်သည့် ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နေရာတချို့နှင့် နှစ်ဖက်ရောနှောအုပ်ချုပ် နယ်မြေဖြစ်သည့် မြဝတီမြို့နယ်တွင် လည်း အာဝါဒေးလောင်းကစားပွဲများ တွင် ကျယ်လာလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။