ပေးစာကဏ္ဍ
ခရီးသွားပြည်သူတစ်ဦးရဲ့ ပေးစာ
မြဝတီကိုသွားမယ်ဆိုရင် အဓိက လမ်းကြောင်းက လမ်းဟောင်းရယ်၊ ထိုးကော့ကိုလမ်းရယ်၊ ကြက်ဥ တောင်လမ်းရယ်၊ အခုအသစ်ဖောက်ထားတဲ့ ၁၀၁၈ လမ်းရယ်။ ၁၀၁၈ လမ်းက လုံးဝ သုံးမရတဲ့အတွက် ကား သွားလို့ မရပါဘူး။ ထို့ကော်ကိုးနဲ့ ကြက်ဥတောင်က 4WD ကိုမှ Ground Clearance ၁ပေကျော်လောက်မြင့် တဲ့ကားပဲ သွားလို့ရပါတယ်။ အဲ့တော့ ခရီးသွားတွေအနေနဲ့ အလျင်လိုတဲ့သူဆိုရင် အဲ့တောလမ်းကနေ ၁သိန်း နဲ့ ၅သောင်းပေးပြီး သွားရပါတယ်။ ခေါင်းခန်းကနေလိုက်မယ်ဆို သိပ်ပြဿနာမရှိပေမယ့် နောက်ကနေလိုက် ရတဲ့အချိန်ကျ အရမ်း အန္တရာယ်များပါတယ်။ တစ်ခါတစ်လေ ကားဆင်းတွန်းရတဲ့အချိန်တွေ၊ မိုးရေတွေနဲ့ သေမတတ်သွားခဲ့ရတဲ့အချိန်တွေ ရှိပါတယ်။
အဲ့တောလမ်းက သွားမယ်ဆို လူငယ်လူရွယ် ကျန်းမာတဲ့သူပဲ သွားနိုင်ပါတယ်။ ပြီးတော့ ဘယ် လောက်ပဲ မြန်အောင်မောင်းမောင်း တစ်နေကုန်တာပဲဖြစ်တဲ့အတွက် အချိန်အရမ်းကုန်ပါတယ်။ တကယ်က မြဝတီ – ဘားအံဆိုတာ အရင်က ၃နာရီလောက်ပဲ မောင်းရတဲ့ခရီးဖြစ်ပါတယ်။ တောလမ်းတွေက အရမ်းဆိုး တဲ့အတွက် လမ်းဟောင်းကသွားမယ်ဆိုရင်လည်း လမ်းမှာ ကားတန်းရှည်တာရယ် အတက်ကားအဆင်းကား၊ စနစ်တကျ စိစစ်ပြီး စေလွှတ်မှုမရှိတာရယ်ကြောင့် လမ်းမှာ ညအိပ်ရပါတယ်။ ၆လပိုင်း ကျနော် လမ်းဟောင်း ကသွားတုန်းက လမ်းမှာ ၆ည အိပ်ရပါတယ်။ ဒါကြောင့် အရေးပေါ်ကိစ္စနဲ့သွားမယ်ဆိုရင် မြဝတီ – ဘားအံက နေ့ချင်းရောက်ဖို့ ၅% အောက် နည်းပါတယ်။
ဆိုတော့ ခြုံပြောရရင် အဖွဲ့အစည်းတွေရော၊ စကစရောက ပြည်သူတွေကိုကြည့်တဲ့သူ အလွန်နည်းပါ တယ်။ ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်ဖို့ပဲ ဂရုစိုက်ကြတာ များပါတယ်။ အခု စကစက သူက အာရှ လမ်းကမလာလည်း သူသုံးမယ့် သစ်မှောင်ခိုလမ်းတွေ အများကြီးပါ။ အာရှလမ်းပိတ်ထားတာက စကစဆိုရင် လည်း ဒီစာကိုမြင်နိုင်ပါစေ။ တော်လှန်ရေးလုပ်နေတဲ့သူတွေနဲ့ EAOs တွေကဆိုရင်လည်း ပြန်ဖွင့်ပြီး အခွန် ကောက်လိုက်ပါလို့။ ကားခ တစ်သိန်းခွဲတောင် ပေးပြီးသွားရသေးတာပဲ။ အချိန်ကုန် လူပင်ပမ်းသက်သာမယ် ဆို ပေးရတာ တန်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်ကားဆို KNLA-PC ကို ၁သိန်းခွဲဆောင်ရပါတယ်နော်။
ဒါက မြေပြင်ရဲ့ Actual Information တွေ ဖြစ်ပါတယ်။ ကိုယ်တိုင်သွား ကိုယ်တိုင်အပင်ပမ်းခံပြီးမှ ပို့တာပါ။ ဘယ်အဖွဲ့အစည်းကိုမှလည်း အပြစ်မတင်ပါဘူး။ မတင်လည်း မတင်ရဲပါဘူး။ လုပ်ကျွေးရမယ့်သူ တွေရှိတဲ့အတွက် အသက်ရှင်ချင်ပါသေးတယ်။ မိဘ အသည်းအသန်ဖြစ်တာတောင် အချိန်မီ မပြန်နိုင်တဲ့ သာမန်ပြည်သူတစ်ယောက်ပါပဲ။
၂၁ရက် ဩဂုတ် ၂၀၂၄။

















