ဩဂုတ် ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မ တော်-KNLA သင်တန်းဆင်း အမျိုးသမီးငယ်တစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ (၁၂)ရက်နေ့က စစ်ကောင်စီ ခလရ(၁၀၆)၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရတော့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
KNLA တပ်မဟာ (၆)၏ တပ်ရင်း(၂၇) အပတ်စဥ်(၂၀)တွင် စစ်သင်တန်းဆင်းလာသည့် အသက်(၁၈)နှစ်အရွယ်ရှိ မချစ်စံပ္ပါယ်မှာ အစ်ကိုဖြစ်သူနှင့် သူမရွာရှိနေအိမ်မှ မော့ကနင်ရွာကို ဖြတ်သွားချိန်စဥ် မော့ကနင်ရွာအဝင်ရှိ ကျေးရွာအ ခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း(ခလရ-၁၀၆)တပ်ဂိတ်က စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် သူမ ကိုင်ဆောင်လာသော လက်ကိုင်ဖုန်းအတွင်း သင်တန်းနှင့်ပတ်သက်သော ဓာတ်ပုံများကို တွေ့ရှိကာ မောင်နှမနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ (၁၃)ရက်နေ့တွင် သူမ၏အစ်ကိုဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့ သည်ဟု KNLA တပ်ရင်း(၂၇) တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “သူ့မိဘတွေက သင်တန်းဆင်းလာလို့ အပြင်ပေးမလွှတ်တာကို ဆံပင်ဖြောင့်ချင်လို့ဆိုပြီး သူ့အစ်ကိုနဲ့ ခိုးထွက်ကြတာ။ မော့ကနင်ရွာအဝင်ဂိတ်မှာ ဖုန်းစစ်ခံရတော့ သင်တန်းတက်တုန်းကပုံတွေ တွေ့မှာပေါ့။ နှစ်ယောက်စလုံး ဖမ်း ခံလိုက်ရတယ်။ သူ့အစ်ကိုကတော့ ပြန်လွတ်လာပြီး သူပဲ ကျန်တယ်။ အဲဒီတုန်းက နှစ်ရက် သုံးရက်လောက်အထိ အဆက်အသွယ်ရသေးတယ်။ နောက်ပိုင်း အဆက်အသွယ်မရတော့ဘူး။”ဟု ပြောသည်။
အဆိုပါမော့ကနင်ရွာသည် စစ်ကောင်စီသတ်မှတ်ချက်အရ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိပြီး ယခင် လက်နက် ကိုင်ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင် စစ်တပ်က ဖြတ်သန်းသွားလာသူများအား စစ်ဆေးရေး တင်းကြပ်စွာ လုပ် ဆောင်နေသောနယ်မြေလည်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
KNLA ဘက်မှ စုံစမ်းထားချက်အရ ခလရ(၁၀၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မချစ်စံပ္ပါယ်အား မော့ကနင်ရွာမှ ရေးမြို့ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ယူသွားကြောင်း သိရသော်လည်း လက်ရှိတွင်မူ သတင်းတစ်စုံတစ်ရာ မရရှိတော့ ကြောင်း တပ်ရင်း(၂၇)၏ ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောဆိုသည်။
အလားတူ ဩဂုတ်လဆန်းပိုင်းကလည်း ရေးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာ ပြီး ဒေသခံများအား အကြောင်းပြချက်မရှိ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက အောင်သပြေရွာနေ သူနာပြုဆရာမတစ်ဦးနှင့် ဒေသခံရွာသားနှစ်ဦး ဖမ်းဆီးခံလိုက်ရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
၎င်းဖမ်းဆီးခံရသူများကို မော့ကနင်ရွာရှိ စစ်ကောင်စီတပ်ရင်း(ခလရ-၁၀၆)တွင် ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ရွာတာ ဝန်ရှိသူများက သွားရောက်ညှိနှိုင်းသော်လည်း ဒေသခံရွာသား(၂)ဦးကိုသာ ပြန်လွှတ်ပေးပြီး သူနာပြုဆရာမကိုမူ ပြန်လွှတ်ပေးခြင်းမရှိသလို အဆက်အသွယ်လည်း မရတော့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ရေးမြို့နယ်နှစ်ခုပေါင်း သတ်မှတ်ထားသော KNU ၏ ဝင်းရေးမြို့နယ်သည် KNLA တပ်ဖွဲ့ များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မွန်လက်နက်ကိုင်အဖွဲ့အချို့ စစ်ရေးလှုပ်ရှားသောနယ်မြေဖြစ်သည်။