စစ်ကောင်စီတပ်၏ စီးနင်းပစ်ခတ်မှုကြောင့် အလွတ်တန်းသတင်းထောက် ၂ ဦး သေဆုံးခဲ့ရသည့်အပေါ် IPCM အတွင်းရေးမှူး နှင့် မေးမြန်းချက်။
ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
“အဓိကကတော့ လုံခြုံရေးပဲ၊ လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည် တတိယ။ ဒီတခေါက် မလုံခြုံဘူးထင်ရင် နောက်တခေါက်မှလုပ်၊ အခုကတော့ ကိုယ့်အိမ်မှာကိုယ်နေတာ အခုလိုမျိုး ဟိုဘက်ရော ဒီဘက်ရော ထိန်းချုပ်ထားတဲ့နယ်မြေမှာနေရင် လုံခြုံရေးသတိရှိပါ။ ကိုယ့်နယ်မြေမှာဆိုပြီး မပေါ့ပါနဲ့”
ဦးတိုးဇော်လတ် – အတွင်းရေးမှူး/ IPCM (လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဩဂုတ်လ ၂၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုဆိုပြီး စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများတွင် အလွတ်တန်းသတင်းထောက် (CJ) ကိုထက်မြက်သူနှင့် DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် (CJ) ကိုဝင်းထွဋ်ဦးပါဝင်ပြီး စီးနင်းပစ်ခတ်မှုခံရသည့်နေအိမ်သည် ကိုထက်မြက်သူ၏နေအိမ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကိုထက်မြက်သူ၏နေအိမ်ကို စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက် ပစ်ခတ်စီးနင်းချိန်တွင် သတင်းသမားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခုခံခြင်းတစုံတရာမရှိခဲ့ကြောင်းနှင့် ကိုဝင်းထွဋ်ဦးမှာ နေရာတွင်ပင် လဲကျသေဆုံးပြီး ကိုထက်မြက်သူမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးမှ ပစ်သတ်ခဲ့တာကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ သတင်းသမားနေအိမ်အား ဝင်ရောက်စီးနင်းပြီး အင်အားသုံးပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် အလွတ် တန်းသတင်းထောက် ၂ ဦး သေဆုံးခံရမူနှင့် ပတ်သက်ပြီး လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM အတွင်းရေးမှူးဦးတိုးဇော်လတ်ကို သတင်းသမားများသေဆုံးရသည့် ဖြစ်စဥ်အပေါ် IPCM ၏ အမြင်၊ ဆက်လက်လုပ်ဆောင်မည့်အပိုင်းနှင့် မြေပြင်သတင်းထောက်များ သတိထားလိုက်နာသင့်သည်များကို မေးမြန်းထားပါသည်။
မေး။ ။ ကျိုက်ထိုမြို့နယ်က နေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်တဲ့အထဲမှာ လက်ရှိ သတင်းထောက်အလုပ်လုပ်ကိုင်တဲ့ သတင်းသမားလူငယ်အမျိုးသားနှစ်ဦးပါတယ်လို့ သိရတယ်။ ဦးတိုး ဇော်လတ်တို့အနေနဲ့ရော ဘယ်လိုသိထားပါလဲ။
ဖြေ။ ။ သတင်းထောက်တွေနေတဲ့အိမ်ကို စစ်တပ်က အယောက် ၃၀ လောက်နဲ့ လမ်းပိတ်ပြီးဝိုင်းတယ်။ သတင်းရလို့ ကျိုက်ထိုဆိုတာလည်း ကျဥ်းကျဥ်းလေး၊ ပြီးတော့မှ အရင်ဆုံး စပစ်တာ ၂ ယောက်က ပွဲချင်း ပြီးသေတယ်။ ၂ ယောက်ကို ဒဏ်ရာနဲ့ဖမ်းခေါ်သွားတယ်။ အဲ့မှာကျနော်တို့သိတာက ဘာလက်နက်မှ မပါဘူးဗျ။ စစ်တပ်ရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ လက်နက်နဲ့မိတယ်တို့ သေတာက တော်လှန်ရေးအင်အားစုတွေ ဖြစ်တယ်တို့ ဖော်ပြထားတယ်။
သေတဲ့နှစ်ယောက်က တော်လှန်ရေးနဲ့နွယ်တယ်။ ကျန်တဲ့နှစ်ယောက်က သေချာတာ ဘာလက်နက်မှမရှိဘူး။ မီဒီယာသမားစစ်စစ်တွေ အဲဒါကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်သွားတယ်လို့ ပြောရမှာပေါ့။ မျက်မြင်သက်သေ တွေကို သေချာမေးကြည့်တဲ့စကားအရ ခုခံပစ်တာလည်းမရှိတာကို မေးမြန်းတာလည်း စစ်တပ်ကမလုပ်ခဲ့ဘူး။ အဲဒီတော့ လက်နက်မဲ့သတင်းထောက်တွေကို သတင်းသမားမှန်းသိရဲ့သားနဲ့ တမင်လာပစ်သတ်တယ်လို့ ပြောလို့ရတယ်။
မေး။ ။ ဖြစ်စဥ်အရ သတင်းသမားနဲ့လက်နက်ကိုင်အဖွဲ့ နေအိမ်တစ်အိမ်ထဲမှာ အတူတူရှိနေတဲ့ကိစ္စအပေါ်ရော ဦးတိုးဇော်လတ်တို့အနေနဲ့ ဘာများမှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ မြန်မာပြည်က မြို့နယ်ပေါင်း ၃၃၀ မှာ ပဋိပက္ခဖြစ်နေတာ ၂၁၀ ခုလောက်ရှိတယ်။ အဲဒီလို ပဋိပက္ခ ဖြစ်တဲ့နေရာမှာ သတင်းသမားတွေက ပဋိပက္ခဖြစ်စဥ်တွေကို သတင်းပို့နေတော့ အဲဒီနေရာမှာ တချို့ လက်နက်ကိုင်တွေလည်း ရှိနေနိုင်တယ်ဆိုတာ သိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ ပြီးတော့ ကျိုက်ထိုလိုနေရာက စစ်တပ်ပဲထိန်းချုပ်တဲ့ နယ်မြေမဟုတ်သလို တော်လှန်ရေးအဖွဲ့တွေချည်းပဲ ထိန်းချုပ်တဲ့နေရာလည်း မဟုတ်ဘူး။ နှစ်ဖက်ပဋိပက္ခဖြစ်နေတဲ့ ဇုန်ပေါ့နော်။
အဲဒီတော့ တစ်နိုင်ငံလုံးနီးပါး အထူးသဖြင့် လူငယ်တွေထဲမှာ စစ်တပ်ကို ခုခံနေတာတော့ တချို့ပါမှာပေါ့ဗျာ။ သတင်းသမားတွေကလည်း အဲဒီထဲမှာ သတင်းသွားယူနေတာ၊ သူတို့ အကြောင်း သတင်းတွေကို အခြား သက်ဆိုင်ရာ သတင်းဌာနတွေကို ပို့နေတော့ အထူးသဖြင့် လုံခြုံမှုမရှိဘူးလို့ပဲ ပြောရမှာပေါ့။ ပဋိပက္ခကြားထဲက အသက်နဲ့ရင်းပြီး ပို့နေရတဲ့သတင်းသမားတွေ သူတို့ဆိုရင်တော့ CJ ပေါ့၊ ရှိနေမှာပဲလေ ပို့တာကလည်း မြေပြင်က ပို့နေတာ သူတို့ဆီမှာ ဘာလက်နက်မှမရှိပါဘူး။ ကင်မရာကလွဲလို့ပေါ့။
မေး။ ။ တော်လှန်ရေးသမားနဲ့ မိမိနေအိမ်မှာအတူတူရှိနေတဲ့သတင်းသမားက သတင်းသမားအခွင့်အရေး ဆုံးရှုံးတယ်ဆိုတာမျိုး ထောက်ပြပြောဆိုကြတဲ့အပေါ်မှာရော ဦးတိုးဇော်လတ်အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ။ ။ သတင်းသမားအခွင့်အရေးဆိုတာထက် ဒါကရာဇဝတ်မှုဗျ။ ကိုယ့်ပိုင်နက်မှာ ဝရမ်းမပါ ဘာမပါ ဝင်လာပြီး သေနတ်နဲ့ပစ်သတ်တယ်ဆိုတာက ဘယ်လောက်ရင်နာဖို့ကောင်းလဲ။ ပြီးတော့ ထက်မြက်သူရဲ့အိမ်မှာ ဖြစ်တယ်။ သူ့မိသားစုတွေရှိနေတယ်၊ သူ့အိမ်မှာသူ့ဘာသူ နေနေတဲ့ကိစ္စမှာ ဝရမ်းမပါဘာမပါ သေနတ်နဲ့ ဝင်လာပစ်တဲ့ဟာက ကျနော်ကတော့ ဥပဒေမဲ့လုပ်ရပ်လို့ပဲ ပြောပါရစေ။
သတင်းသမားပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ် သူ့မှာသူ့ရဲ့အခွင့်အရေး ရှိတာပေါ့နော်။ သတင်းမီဒီယာဥပဒေမှာလည်း ရေးထားပါတယ် အကူအညီတောင် သွားတောင်းလို့ ရတယ်ဆိုတာမျိုးပေါ့၊ အခုလို ကိုယ့်အိမ်ပိုင်နက်ကို ကျူးလွန်ပြီးတော့ လူသတ်မှု ကျုးလွန်ခံရတယ်လို့ပဲ ပြောရမယ်။ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ပဲ ပြောပါရစေ။
မေး။ ။ စစ်ကောင်စီတပ်ဘက်ကတော့ သေဆုံးသူအားလုံးက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ကဖြစ်တယ်လို့ ပုံဖော်တဲ့အပေါ်မှာလည်း သုံးသပ်ပေးပါဦး။
ဖြေ။ ။ ဟိုတလောကလည်း ပဲခူးက တကယ့်စာချဆရာတော်ကြီးကို စစ်တပ်က ပစ်သတ်တာကို PDF ပစ်သတ်ပါတယ်ဆိုပြီး အရင်ဆုံးသတင်းစာရှင်းလင်းပွဲ လုပ်တာပဲလေ။ ဒါတွေကတော့ သူတို့တွေက အမြဲတမ်း စွပ်စွဲနေတာ။ နေပြည်တော်မှာ ပထမဆုံးပစ်သတ်ခံရတဲ့ မြသက်သက်ခိုင်ဆိုရင်လည်း သူတို့ပစ်တာ မဟုတ်ပါဘူး၊ တခြားတတိယအစုအဖွဲ့က ပစ်သတ်ပါတယ်ဆိုပြီး အဲ့လိုပဲ ဆိုက်ဝါးလုပ်နေတာ။ အထူးသဖြင့် သတင်းတု သတင်းမှားနဲ့ သူတို့ဘက်က တုံ့ပြန်နေတာပါ။
အခုချိန်မှာ မြန်မာပြည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရွာမီးရှို့၊ လူသတ်မှု တွေမှာ အကုန်လုံးက PDF လုပ်တယ်ဆိုပြီး စွပ်စွဲနေတာ။ အခုလည်း အလားတူ စွပ်စွဲတာမျိုးကို မအံ့ဩပါဘူး။ အဓိကက အဲဒီသတင်းတု၊ သတင်းမှားတွေ ဆိုက်ဝါးတွေကို အဓိက စစ်တပ်က ဘာလို့လုပ်နေတာလဲဆိုတော့ စစ်သားတွေ သူတို့တပ်ဖွဲ့ဝင်တွေပေါ့နော် လက်ရဲဇက်ရဲနဲ့ဆက်ပြီး ကျုးလွန်ရဲအောင် Reinforce လုပ်တဲ့ သဘောပါပဲ။
မေး။ ။ ဦးတိုးဇော်လတ်တို့ IPCM အနေနဲ့ရော ဒီလိုလူငယ်သတင်းသမားနှစ်ဦး သတ်ဖြတ်ခံရတဲ့အပေါ် ဘာများဆက်လက်လုပ်ဆောင်ဖို့ ရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ဒီကိစ္စတွေကို မှတ်တမ်းတင်မယ်။ သုတေသန လုပ်မယ်။ ဒါတွေက ဝမ်းနည်း ပူဆွေးတယ်ဆိုတာထက် စစ်ရာဇဝတ်မှုတွေ၊ တချိန်ကျရင် ဒီစစ်ရာဇဝတ်မှုကို Linkage Theory လို့ ခေါ်တယ် ။ ဒါတွေကို ဘယ်သူကအမိန့်ပေးတာလဲ၊ ဘယ်သူက လုပ်ဆောင်တာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာလဲဆိုတာ ဖော်ထုတ်သွားဖို့ ရှိပါတယ်။ လောလောဆယ်တော့ ကန့်ကွက်ရှုတ်ချတယ်။ သတင်းသမား သတင်းအလုပ် လုပ်တာကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာထက် ကျော်လွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ ဘယ်လိုအရေးယူနိုင်မလဲဆိုတာ ကျနော်တို့ကြိုးစားလုပ်ဆောင်နေပါတယ်။
မေး။ ။ မြေပြင်သတင်းထောက်တွေအနေနဲ့ သတင်းရယူရာမှာ ဘာတွေကိုသတိထားရှောင်ကျဉ်သင့်လဲ၊ အကြံပေးပါဦး။
ဖြေ။ ။ အဓိကကတော့ လုံခြုံရေးပဲ၊ လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည် တတိယ။ ဒီတခေါက် မလုံခြုံဘူးထင်ရင် နောက်တခေါက်မှလုပ်၊ အခုကတော့ ကိုယ့်အိမ်မှာကိုယ်နေတာ အခုလိုမျိုး ဟိုဘက်ရောဒီဘက်ရော ထိန်းချုပ်ထားတဲ့နယ်မြေမှာနေရင် လုံခြုံရေးသတိရှိပါ။ ကိုယ့်နယ်မြေမှာဆိုပြီး မပေါ့ပါနဲ့။ လုံခြုံရေးကိုလည်း ဒီထက်ပိုကောင်းမွန်တဲ့ အစီအမံတွေလုပ်ပေးနိုင်ရင် ပိုကောင်းမယ်။
အထူးသဖြင့် မြန်မာပြည်လို ပဋိပက္ခတွေကြီးနေတဲ့ နေရာမှာတော့ သတိနဲ့နေတာရယ်၊ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တဲ့ အစီအစဥ်တွေနဲ့ သတင်းအရင်းအမြစ်ကို ချဉ်းကပ်ရေးသားပါ။ အဲဒီအတွက်လည်း လိုအပ်တဲ့အကူအညီကို ကျနော်တို့ရှာသွားပေးပါမယ်။ အဓိကကတော သတင်းကိုအသက်နဲ့ရင်းပြီးလုပ်ရတဲ့သတင်းထောက်အနေနဲ့အလုပ်မှာ လုံခြုံရေးဆိုင်ရာ လိုက်နာရမယ့်အချက်ကို လိုက်နာလုပ်ဆောင်သင့်ပါတယ်။
မေး။ ။ ဦးတိုးဇော်လတ်အနေနဲ့ ထပ်ပြီးဖြည့်စွက်ပြောပြချင်တာများရှိရင်လည်း ပြောပေးပါ။
ဖြေ။ ။ အရင်ကအသတ်ခံထားရတဲ့ သတင်းသမား ၅ ယောက်ရှိတယ်။ အခုဆို ၇ ယောက် ဖြစ်သွားတာပေါ့။ အဲဒီအတွက် စိတ်မကောင်းပါဘူး။ ဘယ်လောက်အန္တရာယ်များတဲ့ အလုပ်လဲဆိုတာ လူတွေပိုပြီးတော့ သိလာတာပေါ့။ ကျနော်တို့ကလည်း ကိုယ့်ဟာကိုယ်ကာကွယ်မယ်။ အားလုံးပူးပေါင်းပြီးတော့ သတင်းအလုပ်ကို Professional ကျကျလုပ်နိုင်ဖို့ ကာကွယ်လုပ်ဆောင်ကြမယ်လို့ ပြောပါရစေ။