ဩဂုတ် ၂၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းစစ်ဗျူဟာ၊ စခန်းသိမ်းတိုက်ပွဲ အရှိန်မြှင့် ပြင်းထန်လာသည့်အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဗျူဟာစခန်း မကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အပြင်း အထန်လုပ်ဆောင်ပေး နေသည့်ကြားမှ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ ဘက်ကလည်း စခန်းကို တက်ရောက်တိုက်ခိုက်မှု ပြုလုပ်သည့်အတွက် စခန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မခံနိုင်တော့ဘဲ ထွက်ပြေးသွားခြင်းရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ဆိုသည်။
“အရင်ရက်တွေက တချို့ထွက်ပြေးသွားတာရှိတယ်။ ဒီမနက်လည်း သုံးယောက်ထပ်ထွက်ပြေးတာရှိတယ်။ လက်နက်တွေတော့မပါဘူး။ အဓိကတော့ သူတို့ပြန်ခုခံမနိုင်တော့လို့ ထွက်ပြေးတာဖြစ်မှာပေါ့။ ထွက်ပြေးတဲ့ လူတိတိကျကျတော့ မသိရသေးဘူး”ဟု ၎င်းသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။
အနန်းကွင်းစစ်ဗျူဟာစခန်းအပြင် လွတ်ရှမ်းကျေးရွာရှိ တပ်စခန်းမကျရေးအတွက် စစ်ကောင်စီဘက်က ယခု ရက်ပိုင်းအတွင်း Y-12 ဂျက်လေယာဉ်နှင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသတွင်း ပြည်သူတို့၏ နေအိမ် အများအပြား ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများပြင်းထန်လာသည့်အတွက် အနန်းကွင်းရွာ၊ လွတ်ရှမ်းရွာရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရသည့်အပြင် အနီးအနားကျေးရွာရှိ တညင်၊ ဖာယာ၊ ကျားမီ စသည့် ကျေးရွာအများမှ စစ်ရှောင်ရာနှင့်ချီ ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
အနန်းကွင်းစစ်ကောင်စီတပ်ခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ဦး ဝန်းကျင်ခန့်ရှိကာ မြေပြင်စစ်ကူ လနှင့်ချီကြာ ပို့ဆောင်နိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ရိက္ခာ၊ လက်နက်များ ယခုလဆန်း ပိုင်းတွင် ပို့ဆောင်ဖြည့်တင်းပေးခဲ့သည်။ လက်ရှိအချိန်တွင် ထိုစခန်း၌ စစ်ကောင်စီတပ် အင်အား နည်းလာသည့် အတွက် မြေပြင်စစ်ကူ ထိုးစစ်ဆင်လာမည်ကို ဒေသအတွင်းရှိ ဒေသခံများစိုးရိမ်လျက်ရှိသည်ဟု သိရသည်။