Home သတင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံး ထပ်ကြဲချ

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံး ထပ်ကြဲချ

112
Photo: CJ

ဩဂုတ် ၈၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းအဟောင်းသို့ စစ်ကောင်စီက ဩဂုတ် ၇ ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ထပ်ကြဲချ သွားသည်ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။

“မနေ့က၂ နာရီလောက်မှာလာပြီး ကြဲချသွားတယ်။ တစ်ခါကြဲရင်တလုံး စုစုပေါင်း ၂ လုံးလာပြီး ကြဲချသွားတယ်။ ရဲစခန်းနဲ့ ဗျူဟာကုန်းရှိတဲ့ ဘက်ပေါ့။ အဲ့မှာက (TNLA) တပ်ဖွဲ့တွေရှိတဲ့ နေရာကိုလာပြီးကြဲတာ ဖြစ်နိုင်တယ်။ ဒေသခံအများစုက ဗုံးခိုကျင်းတွေမှာ နေနေကြရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့ပေါ်သို့ လေးကြိမ် တိုင်တိုင် ပေါင် ၅၀၀ ဗုံးသီး ၇ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ရပ်ကွက် ၅ နှင့် ရပ်ကွက် ၈ ဘက်ရှိ ဒေသခံ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

လက်ရှိ ကွတ်ခိုင်မြို့ ဒေသခံများအနေဖြင့် စစ်ကောင်စီက နောက်တစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ကာ မြို့အနီးရှိဒေသခံ အများစုအနေဖြင့် နီးစပ်ရာကျေးရွာများသို့ ထပ်မံစစ်ရှောင်နေသလို အင်တာနက်လိုင်း နှင့်ဖုန်းလိုင်း အခက်အခဲများကိုကြုံတွေ့နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် MNDAA နဲ့ TNLA ၏ ထုတ်ပြန် ချက်များ အရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့သည့် ဇွန်၂၅ ရက်နေ့မှ စ၍ ဩဂုတ် ၅ ရက်နေ့အထိ အရပ်သား ၁၅၀ ဦးကျော် သေဆုံးပြီး ၂၀၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုလိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မြို့၊ ရွာများအပေါ်သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် ဝိုင်းဝန်းတားဆီး ဟန့်တားပေးရန် တရုတ်နိုင်ငံကို အဓိကထားပြီး နိုင်ငံတကာမိသားစုများကို တောင်းဆိုကြောင်း ကိုးကန့် (MNDAA)၊(TNLA) နှင့် ရက္ခိုင်တပ်တော် (AA) တို့က စုပေါင်းကြေညာချက်ထုတ် ထားသည်။