Home သတင်း ကျရှုံးနိုင်ငံ အဖြစ်မှကယ်ရန် အာဏာရှင်ကို ဖယ်ရှားရမည်ဟု ရှစ်လေးလုံး သဝဏ်လွှာတွင် ကေအဲန်ယူပြော

ကျရှုံးနိုင်ငံ အဖြစ်မှကယ်ရန် အာဏာရှင်ကို ဖယ်ရှားရမည်ဟု ရှစ်လေးလုံး သဝဏ်လွှာတွင် ကေအဲန်ယူပြော

120
Photo: Crd.

ဩဂုတ် ၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာရှင် အဆက်ဆက်ကြောင့် ကျရှုံးနိုင်ငံ အဖြစ်ရောက်ရှိနေသည့် မြန်မာကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားသွားရမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပေးပို့သည့် ရှစ်လေးလုံး သဝဏ်လွှာ၌ ဖော်ပြထားသည်။

ယခုလို အာဏာရှင်စနစ်မှန်သမျှကိုဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအတွက် ပြည်သူ တရပ်လုံးက ကဏ္ဍ ပေါင်းစုံမှ ပူးပေါင်းတော်လှန်ကြရန် ကေအဲန်ယူက သဝဏ်လွှာထဲတွင် တိုက်တွန်းပြောဆိုထားသည်။

ယနေ့ ကျရောက်သည့် ရှစ်လေးလုံး ၃၆ နှစ်ပြည့် ကေအဲန်ယူ၏ သဝဏ်လွှာထဲတွင် လူထုအရေးတော်ပုံ တစ်ခု ဖြစ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ သမိုင်းတွင် အသက် ၊ သွေး၊ ချွေး ရင်းနှီး၍ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်ကို တောင်းဆို ခဲ့ကြသည့် ကျောင်းသား၊ ပြည်သူများအား ဂုဏ်ပြုသည်ဟု ပြောဆို ထားသည်။

၎င်းအပြင် အရေးအခင်းကာလ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင် တစ်ပါတီအာဏာရှင်တို့၏ မှားယွင်းသော အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒကြောင့် နိုင်ငံအကြပ်အတည်းဖြစ်ရာမှ ကုစားရေးအတွက် ကျောင်းသား များဦးဆောင်၍ ဒီမိုကရေစီတောင်းဆိုမှု ပေါ်ပေါက်လာသလို တော်လှန်ရေးနယ်မြေရောက် ဖက်ဒရယ်မူကို ပထမဆုံးလက်ခံသူများသည်လည်း ဗမာပြည်သူ ရှစ်လေးလုံးမျိုးဆက်များပင် ဖြစ်ကြောင်း ကေအဲန်ယူက ထုတ်ဖော်ဂုဏ်ပြု ပြောသည်။

ယနေ့ ကြရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ(၃၆)နှစ်ပြည့်အား ကေအဲန်ယူအပါအဝင် ၈၈ မျိုးဆက်များ၊ တော်လှန်ရေးအတွင်း နယ်ပယ်အသီးသီးမှပါဝင်နေကြသည့် တော်လှန်လူထုအဖွဲ့များက ပုံစံမျိုးစုံဖြင့် ထုတ်ဖော် ဂုဏ်ပြုနေမှုများ ပြုလုပ်လျက်ရှိကြောင်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့ရသည်။

ထို့အတူ ၈၈ မျိုးဆက် ကျောင်းသား၊ လူငယ်များဖြင့် ၁၉၈၈ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့သည့် ကျောင်းသား တပ်မတော်-ABSDF ကလည်း စစ်အာဏာရှင်စနစ်နိဂုံးချုပ်ရေးအတွက် ရှစ်လေးလုံးအရေးတော်ပုံမှ မပြီးပြတ် သေးသည့် လူထုတောင်းဆိုချက်များနှင့် ယခု ၂၀၂၁ ခုနှစ်မှ အစပြုသော နွေဦးတော်လှန်ရေးတောင်းဆိုချက်များ အောင်မြင်ရေး ဘက်ပေါင်းစုံမှ အရှိန်မြှင့် တော်လှန်သွားကြရန် ထုတ်ပြန်တိုက်တွန်းထားသည်။

စစ်မှန်သောဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တနိုင်ငံလုံးရှိ ရဟန်းရှင်၊ ကျောင်းသား၊ ပြည်သူအများအပြားပါဝင်သည့် လူထုအုံကြွဆန္ဒပြမှုပြုလုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်နေ့ကို ရှစ်လေးလုံးအရေးတော်ပုံနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြရာ ယနေ့တွင် ၃၆ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။