“ကရင်ကျောင်းသားများရိပ်သာ-KSC နာယက တစ်ဦးဖြစ်သူ စောကြည်လင်းနှင့် မေးမြန်းခြင်း”
———————
“တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကျောင်းကို မကောင်းတဲ့ပုံရိပ်နဲ့ အပြစ်မြင် ပြောဆိုတာတွေက မဖြစ်စေချင်ဘူး” KSC နာယက စောကြည်လင်း
ဖားအံမြို့ရှိ သက်တမ်းရင့် ကရင်ကျောင်းသားများရိပ်သာ (ကရင်ဘော်ဒါဆောင်)ဟု လူသိများသည့် KSC ၏ စတင် ဖြစ်ပေါ်လာပုံ၊ အဆင့်ဆင့်တိုးတက်လာသည့် အခြေအနေ၊ လက်ရှိ ကျောင်းလုပ်ငန်းများ မည်သို့ လုပ်ဆောင်နေမှု စသည့် အသေးစိတ်အခြေအနေများကို ကျောင်းနာယကလည်းဖြစ်ပြီး ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ စောကြည်လင်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။
မေး။ ။ ကရင်ကျောင်းသားများရိပ်သာ-KSC စတင်ဖြစ်ပေါ်လာပုံနဲ့ သက်တမ်းဘယ်လောက်ရှိပြီးလဲဆိုတာ ရှင်းပြ ပေးပါ။
ဖြေ။ ။ အစက KSC နာမည်နဲ့ မဟုတ်ဘူး။ ကရင်ကျောင်းသူ၊ ကျောင်းသားများဘော်ဒါဆောင် နာမည်နဲ့ပေါ့။ မှတ်မှတ်ရရ ကရင်စာပေယဉ်ကျေးမှုအသင်းဆိုတာ မပေါ်လာသေးဘူး။ အရင်တုန်းက ရှေးဟောင်း ကရင်စာပေ ယဉ်ကျေးမှု ဖော်ထုတ်ရေးကော်မတီဆိုတာ ရှိတယ်။ အဲဒီက ကရင်စာပေယဉ်ကျေးမှု သင်တန်းအပတ်စဉ် (၁) ၁၉၇၀ သင်တန်းပြီးတဲ့အခါ အဲမှာဆရာတော်ကြီးတွေ သင်တန်းကိုဦးစီး ဦးဆောင်လုပ်တဲ့ အစ်ကိုကြီးတွေပေါ့။
သူတို့စိတ်ထဲမှာ အဲဒီခေတ်က အထက်တန်းကျောင်းတွေက မြို့ပေါ်မှာပဲရှိတယ်။ တိုက်နယ်တွေမှာ အလယ်တန်း ကျောင်းလောက်ပဲ ရှိတယ်။ ရွာတွေမှာ အများဆုံးမူလတန်းပဲရှိတယ်။ ဆိုတော့ တချို့မူလတန်းနဲ့ ကျောင်းပြီးဆုံး သွားတာရှိတယ်။ အထက်တန်းကို မြို့ပေါ်တက်သင်ယူရတဲ့အခါ၊ ဆွေမျိုးအိမ်မှာ တည်းရတယ်။ ပြီးတော့ အိမ်တွေ ဘာတွေ ငှားနေရတဲ့အခါ တောရွာမှာနေသူတွေက ရိုးရိုးသားသား တောင်ယာလုပ်တော့ အိမ်ငှားဖို့ မတတ်နိုင်ဘူး။
အဲဒါကြောင့် အထက်တန်းသင်မယ့် တချို့ဆင်းရဲနွမ်းပါးကျောင်းသူ၊ ကျောင်းသားတွေကို ပညာဆက်လက်သင်ယူ နိုင်အောင် ဘုန်းကြီးတွေ၊ ကရင်အဖွဲ့တွေ အားလုံးစုပေါင်းပြီး ဇီးတော အမှတ် ၄ ရပ်ကွက်၊ သုခလမ်းမှာ အခုကရင် စာပေ၊ ယဉ်ကျေးမှုဥက္ကဌရဲ့ အိမ်နေရာ၊ အဲဒီမြေကွက်လေးမှာ ဒိုင်းပြကဖူးတာပူးရဲ့ လယ်ကွက်နေရာမှာ ဝါးဆောင် အကြီးကြီးဆောက်ပြီး ကရင်အမျိုးသားကျောင်းသူ၊ ကျောင်းသား ဘော်ဒါဆောင်စပေါ်တယ် ၁၉၇၀ ခုနှစ်။ နှစ် ပေါင်း ၅၄ နှစ် ရှိသွားပြီး။
မေး။ ။ ကနဦးကရင်ဘော်ဒါဆောင်လို့ခေါ်တဲ့ KSC ကိုဘယ်သူတွေက ဦးစီးပြီး တည်ထောင်ဖွင့်လှစ်ခဲ့တာလဲ။ ထူထောင်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါ။
အဓိက ရည်ရွယ်ချက်က မသွားတတ်မလာတတ် ဆင်းရဲနွမ်းပါးတဲ့သူတွေ အတွက်ဖြစ်တယ်။ ချမ်းသာတဲ့သူတွေ အတွက် မဟုတ်ဘူး။ ဆင်းရဲနွမ်းပါးပြီး အထက်တန်းပညာသင်ချင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ရည်ရွယ် တယ်။ အဲဒီကျောင်းသူ၊ ကျောင်းသားတွေကို တနှစ်ပတ်လုံး စာသင်နိုင်ဖို့အတွက် လုပ်တဲ့အစီစဉ်တစ်ခု ဖြစ်တယ်။ အရင်တုန်းက ကရင်ကျောင်းသူ၊ ကျောင်းသားများ ဘော်ဒါဆောင် နောက်ပိုင်းမှ Karen Student Center ပေါ့။ အခု လက်ရှိသီရိကွင်းက သုံးထပ်ဆောင်ပေါ့၊ အင်္ဂလိပ်လို Karen Student Center -KSC၊ ကရင်လို က “ဖလုံမာလောဟ်ပညာ့လင်.ဍာ” မြန်မာလိုကတော့ ကရင်ကျောင်းသားများရိပ်သာလို့ ခေါ်တယ်။
စစချင်း တုန်းကတော့ ဝါးဘော်ဒါဆောင်။ အမျိုးသားတွေက ဝါးဘော်ဒါဆောင်မှာနေ၊ မနီးမဝေး အိမ်တအိမ်မှာ မိန်းကလေးတွေကို ပေးနေတယ်။ နောက်ပိုင်း အထက-၂ ဘေးနားမှာရှိတဲ့ ထော်မဲပါရပ်ကွက်မှာ အလှူရှင်တွေရဲ့ ငွေနဲ့ မြေဝယ်ပြီး သစ်သားဝါးကာနဲ့ အဆောင်ပြန်ဆောက်တယ်။ အဲဒီမှာ မိန်းကလေး ယောက်ျားလေးရှိတယ်။ ကျောင်းသူ၊ ကျောင်းသားတွေလည်း နည်းနည်းများလာပြီး အဲဒီမှာက အိမ်သာတွေ၊ ရေတွင်းတွေရှိလာတယ် ဒါက KSC ပိုင်ဆိုင်မှုပေါ့နော်။ နောက်ပိုင်းမှ အခုသီရိကွင်းဘေးနားက သုံးထပ်ဆောင်ကို အစိုးရက မြေလှူပြီး ဆောက် ထားတာ ဖြစ်တယ်။ အဲဒီခေတ်က ကောင်စီခေတ်။ အဆောင်ဆောက်တာက ဆရာတော်ကြီးတွေ အထူးသဖြင့် ပညာရေးအတွက်စိတ်ပါဝင်စားတဲ့ ကရင်တစ်မျိုးသားလုံးရဲ့ အလှူငွေနဲ့ စုပေါင်းပြီးဆောက်တာပါ။
စဆောက်တာက တစ်ထပ်ဘဲ နောက်မှ ကရင်စာပေယဉ်ကျေးမှုပြန့်ပွားရေးအသင်းက ဆရာစောလွန်းစိန်တို့ပေါ့ ဂျပန်သံရုံးက ပေးတဲ့အလှူငွေနဲ့ပေါင်းပြီးတော့ သုံးထပ်ဆောင်ကို ဆောက်ခဲ့တယ်။ နောက်ပိုင်း ကျောင်းသား ဟောင်းများ အသင်းဖွဲ့ပြီး အဲဒီအချိန်က ကျနော်ကဥက္ကဌ၊ ရံပုံငွေရှာရတာပေါ့ အလှူငွေရှာတယ်၊ အနယ်နယ် အရပ်ရပ်က ကရင်လူထုတွေရဲ့ အလှူငွေနဲ့ တစ်နှစ်တစ်နှစ်ရတဲ့ငွေ နည်းနည်းနဲ့ ဆောက်ပြီး အခုရှိတဲ့ ၄ ထပ်ဆောင် ကြီးကိုက ဆောက်ခဲ့တယ်။
ကရင်ကျောင်းသားများရိပ်သာဆိုရင် ၃ ထပ်ဆောင်တစ်ဆောင်ရယ်၊ ၄ ထပ်ဆောင်တစ်ဆောင်ရယ်၊ ပြီးတော့ ထောမဲပါ ရပ်ကွက်မှာရှိတဲ့အဆောင်ဟောင်းတစ်ဆောင်ရယ်၊ အဲဒါက ကရင်တစ်မျိုးသားလုံးပိုင်ဆိုင်တဲ့ KSC အဆောက်အဦးပိုင်ဆိုင်မှု ၃ ခု ရှိတယ်။ အဆောင်ဟောင်းကတော့ ဘော်ဒါဆောင်က ကလေးတွေကို Guide သင် ပေးတဲ့ တက္ကသိုလ်တက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ နေတယ်။ အပေါ်ကျောင်းဆောင်ရဲ့မြေက အစိုးရ အဆက်ဆက် လှူထားတဲ့မြေတွေ ရံပုံငွေနဲ့ဝယ်တာက ထော်မဲပါမှာရှိတဲ့အဆောင်နေရာပေါ့။ အကုန်လုံး KSC မြေဂရမ်ပေါက်တယ်။ ကျောင်းသားဟောင်းများအသင်းနဲ့ ကြီးကြပ်မှုကော်မတီက ကလေးတွေရဲ့ ပညာရေး ကိစ္စအဝဝကို ကြီးကြပ်ပေးတာ ဖြစ်တယ်။
မေး။ ။ KSC ကိုယ်ပိုင်အထက်တန်းကျောင်းကို တိုးတက်ပြောင်းလဲလာပုံအဆင့်ဆင့်ကိုပြောပြပါလား။ ဥပမာ ဘယ်ခုနှစ်က ဘာကြောင့် ဘယ်သူတွေကူညီလို့ ကိုယ်ပိုင်ကျောင်းအဖြစ် ဖွင့်လှစ် နိုင်ခဲ့လဲ။
အရင်တုန်းက ဘော်ဒါဆောင်ပဲ ညနေဆိုရင် Guide ထားတယ်။ ကျူရှင်သဘောမျိုး ဆရာမတွေကိုငှားပေးတယ်။ အားနည်းတဲ့ဘာသာရပ်တွေကိုသင်ပေးဖို့။ တချို့ဆရာတွေတိုရင်လည်း စေတနာအလျောက်ပဲ လာလုပ်ပေးတယ်။ Guide က ဘော်ဒါဆောင်ကနေ တက္ကသိုလ်တက်နေတဲ့ လေးတွေကို Guide အဖြစ်ပြန်ထားတယ်။ ညစာကျက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အိပ်မငိုက်အောင် မသိတာမေးလို့ရအောင် အလှည့်ကျ Guide လုပ်ပေးကြတာ။
နောက်ပိုင်း ကျောင်းသူ၊ ကျောင်းသားတွေက တစ်နှစ်ကို ရာနဲ့ချီဖြစ်လာတယ်။ အခြေအနေအရ မူလတန်း၊ အလယ်တန်း ကလေးအချို့ကို လက်ခံပေးရတာရှိတယ်။ ကိုယ်ပိုင် အထက်တန်းက ၉ တန်း၊ ၁၀ တန်းပဲရှိတာ။ လွန်ခဲ့တဲ့ နှစ်ကဆိုရင် ကျောင်းသား ၄၀၀ ကျော် ဒီနှစ်ကတော့ ပိုနည်းသွားတာပေါ့။ အစကတော့ အဆောင်မှာနေ၊ အဆောင်မှာစား၊ အဆောင်မှာ ကျူရှင်ပေးကျောင်းတက်တော့ အထက -၂ မှာတက် နောက်ပိုင်း များလာတော့ အထက-၂ က ကရင်ဘော်ဒါဆောင်ကကြီးပဲ ကျောင်းသားတွေက ပြုံနေတယ်။
ပြီးတော့ အများနဲ့ဆိုင်တဲ့ကျောင်း တခြားကျောင်းသားတွေလည်း လက်ခံရတဲ့အခါကျတော့ ကရင်ဘော်ဒါဆောင် ကျောင်းသူကျောင်းသားတွေအတွက် နေရာဖဲ့ပေးရတယ်။ ပြီးတော့ တခြားကျောင်းသားတွေလည်း ရှိတော့ အထက -၂ မှာလည်း မနိုင်ဝန်ထမ်းရတယ်လေ။ အဲဒါကိုဖြေရှင်းတဲ့ အနေနဲ့ နောက်ဆုံးပညာရေးမူဝါဒ ပြောင်းချိန် ကိုယ်ပိုင်ကျောင်းတွေဖွင့်လို့ရတယ်။ အဲလိုနဲ့ ကျနော်တို့က ကိုယ်ပိုင်ကျောင်းကို စဖွင့်လိုက်တယ်။ မကြာဘူး ကိုဗစ် ဖြစ်တော့ ကျောင်းကို တစ်နှစ်၊ နှစ် နှစ်လောက်ပိတ်လိုက်ရတယ်။ အခုမှပြန်ပြီးတော့ ဖွင့်တာပါ။
မေး။ ။ အခု ပညာသင်နှစ်မှာတော့ ကိုယ်ပိုင်ကျောင်းအဖြစ် ဆက်မရပ်တည်ရတော့တဲ့အခြေအနေကို ကျောင်းနာယက တစ်ဦးအနေနဲ့ ရှင်းပြပေးပါလား။ ဒါဟာ ဖိအားပေးခံရတာမျိုးလားပေါ့။
အခုပညာရေး မူဝါဒအရ ကိုယ်ပိုင်ကျောင်းဖွင့်ရင်တော့ ကိုယ်ပိုင်ကျောင်းက ပညာရေးဝန်ဆောင်မှုတစ်ခု ပုဂ္ဂလိက ကျောင်းလိုပေါ့။ ပုဂ္ဂလိက ကျောင်းလုပ်တဲ့အခါကျတော့ နိုင်ငံတော်ကို အခွန်အခပေးရတယ်။ ဘာဖြစ်လဲ ဆိုတော့ အကျိုးအမြတ်ရှိတယ်။ ကျောင်းလခ ရတယ်။ ကျောင်းသားဦးရေများတဲ့အခါ ကုမ္ပဏီကြီးတွေဖွဲ့ပြီး ပညာရေး ဝန်ဆောင်မှုလုပ်ကြတော့ အကျိုးအမြတ်တွေရှိတယ်။ အဲဒီအကျိုးအမြတ်နဲ့ နိုင်ငံတော်ကို အခွန်အခပေးတယ်။
ကျနော်တို့ KSC က ကိုယ်ပိုင်ကျောင်းတော့ ကိုယ်ပိုင်ကျောင်းပဲ။ မူအရ စီးပွားရေးကျောင်းလို့ သူများမြင်တယ်။ အခုဆို ကျောင်းသားတဦးကို တနှစ်ပတ်လုံးမှ ၁၃ သိန်းကျော်ပဲ ယူတယ်။ ငွေကြေးမတတ်နိုင်တဲ့သူ နွမ်းပါးတဲ့သူ ဆိုရင် နှစ်ရစ်၊ သုံးရစ်ပေးတာရှိတယ်။ စီးပွားရေးအရ ကုမ္ပဏီတွေ၊ ဘာတွေထောင်ပြီးတော့မှ အကျိုးအမြတ်ယူတဲ့ ကျောင်းမဟုတ်ဘူး။ ပိုင်ဆိုင်မှု ပြခိုင်းတဲ့အခါ ပြလို့ရတာက စာသင်ကျောင်းဆောင်၊ မြေပဲရှိတယ်၊ ဒါပေမယ့် အကျိုးအမြတ်တော့မရှိဘူး။
နိုင်ငံတော်က မူအရ တနိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေကို တပြေးညီအခွန် တောင်းရတော့ လွန်ခဲ့တဲ့နှစ် တွေက ကျောင်းအုပ်ကြီးက ဖြေရှင်းရတာတွေ ရှိတယ်။ အခွန်တောင်းတော့ မပေးနိုင်ဘူးလေ၊ စီးပွားရေးလုပ်တဲ့ ကျောင်းမှ မဟုတ်တာဆိုတော့။ အစိုးရအနေနဲ့ ကျနော်တို့ကို ချွင်းချက်ပေးဖို့ကလဲ မကောင်းဘူး။ နောက်ဆုံးတော့ ကျောင်းသူ၊ ကျောင်းသား ရှေ့ရေးကိုကြည့်ပြီးတော့မှ ကိုယ်ပိုင်ကျောင်းအနေနဲ့သွားရင် ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲက အများကြီးရှိတယ်။
ဒါကြောင့်မို့ ကျောင်းသားဟောင်းများအသင်းရယ်၊ ကြီးကြပ်မှုကော်မတီရယ် အားလုံးတိုင်ပင်ဆွေးနွေးပြီးတော့မှ ဘယ်လိုလုပ်ရင်ကောင်းမလဲ နောက်ဆုံးတော့ ကိုယ်ပိုင်ကျောင်းကို ကျနော်တို့ ဘာသာကျနော်တို့ မလုပ်ဘူးလို့ ဆုံးဖြတ် လိုက်တယ်။ နာယကချုပ် ဆရာတော်ပညာသာမိ(တောင်ကလေးဆရာတော်) တိုင်ပင်တဲ့အခါ ကိုယ်ပိုင် ကျောင်း အနေနဲ့ မလုပ်နဲ့ ငါ့ရဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ ကျောင်းခွဲအဖြစ်တင်လိုက်လို့ ပြောတယ်။
တင်လိုက်တဲ့အခါကျတော့ ပညာရေးမူအရ အဲလိုပုံစံမျိုး ပေးလို့မရဘူးလို့ ဆိုတဲ့အခါကျပြန်တော့ နောက်ဆုံးတော့ အရင်တုန်းက ပုံစံမျိုး အဆောင်ပဲထားတော့မယ်၊ နီးစပ်ဆုံးဖြစ်တဲ့ အထက-၂ ကိုကျောင်းသူ၊ ကျောင်းသားတွေကို ပြန်တက်ခိုင်းမယ်လို့ ဆုံးဖြတ်တော့ အထက-၂ ကျောင်းအုပ်၊ ပညာရေးမှူးတွေနဲ့ ပြန်တိုင်ပင်ပြီး ဒီနှစ်ကစပြီး အရင်တုန်းကအတိုင်း လုပ်လိုက်တာဖြစ်တယ်။ အစိုးရဖိအားပေးလို့ အစိုးကျောင်းမှာ ကျောင်းသွားတက်ရတာ တစ်ခုက မဟုတ်ဘူးပေါ့။
မေး။ ။ ရပ်ဝေးကျေးရွာတွေက ကျောင်းသူကျောင်းသားတွေအတွက် ဒီကျောင်းကြီးဟာ ဘယ်လိုအရေးပါမှု ရှိလဲ။ ဘယ်လောက်အထောက်အကူ ပြုပေးနိုင်တဲ့ ကျောင်းလဲပြောပြပေးပါ။
ကျောင်းရည်ရွယ်ချက်က ဆင်းရဲနွမ်းပါးတဲ့ ကရင်ကျောင်းသူ၊ ကျောင်းသားတွေ အတွက်ပေါ့။ အထက်တန်းအဆင့် ပညာသင်ချင်ပါရဲ့နဲ့ မသင်နိုင်တဲ့ကလေးတွေအတွက်ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တာကိုး။ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တဲ့အခါကျတော့ တဖြည်းဖြည်းသိလာတော့ အနယ်နယ်အရပ်ရပ်က ကရင်ကျောင်းသူကျောင်းသားတွေက ရောက်လာတယ်။ ဒီကနေ အထက်တန်းပညာတွေပြီးမြောက်တယ် တက္ကသိုလ်ပညာရေးတွေသင်နိုင်တယ်။ ဒီနေရာက ပညာရေးကို မြှင့်တင်ပေးတဲ့နေရာလို့ ပြောလို့ရတယ်။ ကရင်လူထုအတွက် ပညာရေးနဲ့ပတ်သက်လို့ အထောက်အကူအများကြီးပေးခဲ့တာရှိတယ်။
ပြီးတော့ ကရင်ရိုးရာနဲ့ပတ်သက်တာ ပြောရမယ်ဆိုရင် ကရင်အနုသုခမပေါ့၊ အခုဆို တီးဝိုင်းတစ်ခု ထောင်ထား ပေးခဲ့တာ တွေရှိတယ်။ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေ ပါဝင်တာပေါ့။ အရင်တုန်းက ကရင်ပညာတတ် နည်းနည်းပါးပါးရှိတဲ့အချိန်မှာ ဒီအဆောင်ကြီးရှိသွားတော့ ပညာတတ်တွေ အများကြီးပေါ်ပေါက်လာတယ်။ စာရင်းအရဆို အဆောင်မှာနေသွားတဲ့ နှစ်ပေါင်း ၅၄နှစ် အတွင်းမှာ ကျောင်းသူကျောင်းသား သောင်းနဲ့ချီ ရှိတယ်။
၁၀ တန်းအောင် ဘွဲ့ရသွားတဲ့ ကလေးတွေ ထောင်နဲ့ချီရှိတယ်။ ကျနော်လည်း ဒီကနေပဲ ပေါက်ဖွားလာတာပေါ့။ ဌာနဆိုင်ရာတွေ တချို့အဖွဲ့အစည်းတွေ၊ ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌတွေ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ ဖြစ်လာတာတွေလည်းရှိတယ်။ ဒါတွေက ဒီအဆောင်ရဲ့အကျိုးကျေးဇူးလို့ပြောရင် မမှားပါဘူး။ ပြောရရင်တော့ ကျောင်းသူကျောင်းသားတွေက အနယ်နယ်အရပ်ရပ်က များလာတယ်လေ။ ကျနော်တို့ခေတ်တုန်းက လှိုင်းဘွဲ၊ ဖားအံမြို့နယ်အဲလောက်ပဲရှိတယ်။ နောက်ပိုင်းကျတော့ ကရင်ပြည်နယ် တစ်ပြည်နယ်လုံးကိုလွမ်းခြုံသွားတယ်။
အဲဒီအပြင် မွန်ပြည်နယ် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အထိလာတယ်။ စာတွေကြီးပဲ သင်တာမဟုတ် ဘူး။ စာအပြင် ကရင်ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေပေါ့။ ကရင်ကျောင်းသားများ ရိပ်သာရောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကရင်အသိရအောင် ရိုက်သွင်းပေးတယ်။ ကိုယ်ပိုင်ကျောင်း စဖြစ်လာတုန်းက ကျောင်းမှာ အဖြူ၊ အစိမ်း မသုံးတော့ဘူး ကရင်လုံချည်၊ အင်္ကျီ အဲလိုတွေ ဝတ်ရတာတွေ ရှိတယ်။
ကရင်ရဲ့နေ့ထူး နေ့မြတ်တွေမှာလည်း အဆောင်မှာ လှုပ်ရှားမှုတွေ လုပ်တာတွေရှိတယ်။ ကြားထဲမှာလည်း ကရင် အကြောင်း သိကောင်းစရာလေးတွေ ဟောပြောပွဲတွေဘာတွေ လုပ်တဲ့အခါရှိတယ်။ ကျနော်တို့ ဟိုးဝါးဘော်ဒါ ဆောင်မှာ ကတည်းက ကရင်အလံထောင်တယ်၊ မနက်ကရင်အလံတင်ရင် ကရင်အမျိုးသား သီချင်းဆိုပြီးမှ တင်တယ်။ ညနေ အလံချရင်လည်း ကရင်အမျိုးသားသီချင်း ဆိုပြီးတော့မှ ချတယ်။
မေး။ ။ ကိုယ်ပိုင်ကျောင်းမဖွင့်တော့တဲ့အပေါ် ရပ်ရွာအသီးသီးက မိဘပြည်သူနဲ့ ကျောင်းသားမိဘတွေကို ဘာပြော ပြချင်ပါသလဲ။
ဒီအင်တာဗျူးကို ကြည့်ချင်းအာဖြင့် အမြင်မှားတာကိုမဖြစ်စေချင်ဘဲ အမြင်မှန်တာကို ဖြစ်စေချင်တာပေါ့။ လိုင်း ပေါ်မှာ မကောင်းတာတွေ လိုက်ရေးနေကြသလို ဒီအဆောင်ကော်မတီဝင်တွေက ဒီလိုဖြစ်နေသလား တချို့ ဇဝေဇဝါ ဖြစ်တာတွေရှိတယ်။ ဒီအင်တာဗျူးကြည့်ခြင်းအားဖြင့် အမြင်မှန်ရသွားတာ ဖြစ်စေချင်တာပေါ့။ ကျောင်းသားမိဘ ကျောင်းသူကျောင်းသားအားလုံးပြောချင်တာက ဒီအဆောင်သည် ပညာရေးတွင်မကပါဘူး ကရင်တွေရဲ့ တိုးတက်ရာ၊ တိုးတက်ကြောင်း လုပ်နိုင်ဖို့အတွက် လူငယ်တွေကို မွေးထုတ်တာဖြစ်တယ်။ ကရင်ရဲ့ အရေးအရာ ပတ်သက်တာတွေကို လုပ်ဆောင်နေတဲ့ နေရာတစ်ခုဖြစ်တယ်။
အဲဒီပုံရိပ်က ကမ္ဘာအရပ်ရပ်က ကရင်တွေ သိကြမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့လည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်လာခဲ့တာပဲ။ အဆောင်နေပြီး အစိုးရကျောင်းမှာ တက်ခဲ့ရတာရှိသလို တစ်ဆင့်ပြီးတစ်ဆင့် ကိုယ်ပိုင်ကျောင်းဖြစ်အောင်လုပ်ခဲ့တယ်။ အနေအထားရဒီလိုလုပ်ခဲ့ရတာဖြစ်တယ်။ တနေ့၊ တစ်ချိန်ကြရင် ဒီထက် ပိုကောင်းအောင် ဘယ်လိုလုပ်ကြရင်ကောင်းမလဲ ကော်မတီဝင်တွေ ဦးဆောင်လုပ်တဲ့လူတွေက အမြဲတမ်း ခေါင်းထဲမှာရှိတယ်ဆိုတာ ကျောင်းသားမိဘတွေကို ဒီမက်ဆေ့ကို ပေးချင်ပါတယ်။
မေး။ ။ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကျောင်းတစ်ကျောင်းကို မကောင်းတဲ့ပုံရိပ်နဲ့ အပြစ်မြင် ပြောဆိုတာတွေနဲ့ပတ်သက်လို့ ကျောင်းနာယက အဖွဲ့ဝင်တစ်ဦးနေနဲ့ ဘာပြောချင်တာရှိပါသလဲ။
ကေအိုင်စီသတင်းဌာနကနေတစ်ဆင့် အခုကိုပြောပြပေးရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပြောပြခွင့်ရ လိုက်တဲ့အခါကျတော့ ကျောင်းသူကျောင်းသား မိဘတွေကို ပညာရေးကိုစိတ်ဝင်စားတဲ့ ကရင်အမျိုးသားထု တစ်ရပ်လုံးကကော ရှင်းရှင်းလင်းလင်းနဲ့ မှားနေတဲ့သတင်းတွေများရှိခဲ့ရင် အမှန်တရားနားလည်သွားမယ်ဆိုရင် ဝမ်းသာရပါတယ်လို့ပြောချင်ပါတယ်။ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကျောင်းကို မကောင်းတဲ့ပုံရိပ်နဲ့ အပြစ်မြင်ပြောဆို တာတွေက မဖြစ်စေချင်ဘူး။ အဲဒါကြောင့် လာပြောရတာ ဖြစ်ပါတယ်။