ဇူလိုင်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ရန် အတင်းအကြပ်စေခိုင်းခံရ၍ အောင်ဇေယျ စစ်ဆင် ရေးရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိမိတို့ အသက်ရှင်သန်ရေး အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ထံလာရောက် လက်နက် အပ်နှံရန် KNLA ဗဟိုဌာနချုပ်က ယနေ့ (ဇူလိုင်လ ၅) ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။
စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင် ကော့ ကရိတ်မှ မြဝတီမြို့ဘက်သို့တက်ရန် အောင်ဇေယျအမည်ဖြင့် အင်အားအများ အပြားအသုံးပြုထားသော စစ်ဆင်ရေးကြီးတစ်ရပ်အား ပြီးခဲ့သည့် ဧပြီလပိုင်းကစတင်၍ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
သံချပ်ကာကားများ၊ အမြှောက်များဖြင့် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်အသုံးပြု၍ အာရှလမ်းမကြီးမှ ဒေါန တောင်ကိုဖြတ်ကျော်တက်ရန် ကြိုးပမ်းလာသည့် အောင်ဇေယျစစ်ကြောင်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက လက်ရှိအချိန်ထိ ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်တွင် စစ်ကောင် စီဘက်မှ ထိခိုက်သေဆုံးမှုများနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အရ သိရသည်။
ထို့ကြောင့် စစ်ဆင်ရေးရှေ့တန်းတွင် မိမိ၏သဘောဆန္ဒမပါဘဲ အတင်းအကြပ်ခိုင်းစေခံရမှုကြောင့်ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ အသက်ရှင်ခွင့်ရလိုပါက KNLA နှင့်လာရောက်ပူးပေါင်းလက်နက်အပ်နှံကြရန် ထုတ်ပြန်ချက်မှတဆင့် KNLA ဗဟိုက အသိပေးထားသည်။
“သူတို့ဆန္ဒမပါဘဲ အသိပေးရခြင်းရည်ရွယ်ချက်က အောင်ဇေယျစစ်ဆင်ရေးမှာစကစ တပ်ဖွဲ့ဝင်တွေက ရောက်တာ လေးလလောက်ရှိနေပြီ။ အဲဒီအထဲမှာအသစ်ရောအဟောင်းရောရှိတယ်။ အသစ်တွေထဲမှာ ဆိုရင် သူတို့ဆန္ဒမပါဘဲ စစ်တိုက်နေရတဲ့သူတွေရှိတယ်။ ဒီလူတွေကိုလွယ်လွယ်လေးနဲ့ ထွက်ပြေးလို့ရအောင် အသိပေးလိုက်တာဖြစ်တယ်” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

KNLA ထံ ပူးပေါင်းလာသူများအနေဖြင့် မိမိတို့လက်ရှိရောက်ရှိနေရာမှ KNLA ရှေ့တန်းသို့ ကျည်ဖြုတ် ထားသော သေနတ်အား ခေါင်းကိုမြေကြီးအောက်ချ၍ မိမိတို့နောက်ကြောဘက် လွယ်ပိုးပြီး လက်ဗလာဖြင့် လာရောက်ရန်ဖြစ်ကြောင်းလည်း KNLA ဗဟိုဌာနချုပ်က ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်မတိုင်ခင်ကတည်းက အောင်ဇေယျစစ်ကြောင်းတွင် ပါဝင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ KNLA ထံသို့ လက်နက်အပ်နှံပူးပေါင်းမှုရှိကြောင်း KNU ပြောခွင့်ရသူနှင့် KNLA ဗဟို၏လူမှုကွန်ရက်စာမျက်နှာတို့မှ တဆင့်သိရသော်လည်းအရေအတွက် အတိအကျကိုမူ အသေးစိတ်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။
အောင်ဇေယျစစ်ဆင်ရေးမှလွတ်မြောက်လာသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၁၁၂ မှ တပ်သား ဖြိုးဇော်က “ကျနော်ကတော့ သူငယ်ချင်းကြောင့်နဲ့ အလုပ်မှာစကားများလို့ စစ်တပ်ထဲရောက်သွားတာ။ အခု စစ်မတိုက်ချင်လို့ထွက်လာတာ လုပ်လည်းမလုပ်ချင်တော့ဘူး။ သူတို့ခိုင်းတာမလုပ်ရင်ဆဲတယ်၊ ကန်တယ်။ တခါတလေ ထိုးပါထိုးတယ်။ သူတို့မှာ နောက်ခံအင်အားဒီလောက်မရှိတော့ဘူး။ ဆရာတွေဆို မိသားစုရှိတော့ ငဲ့ပြီး တပ်ထဲမလုပ်ချင်ဘဲလုပ်နေရတယ်။ ထွက်လို့လည်းမရဘူး။ တချို့ကျတော့လည်းပြေးရော” ဟု KNLA ဗဟို၏ဖေ့ဘွတ်ခ်စာမျက်နှာမှတဆင့် ဖွင့်ဟထားသည်။
တဖက်တွင်လည်း စစ်ဆင်ရေးစသည့်နေ့မှ ၃ လနီးပါးကြာသည်အထိ မြဝတီမရောက်ဘဲ အသေ အပျောက်များလာသော စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တပ်တွင်းရောက်ရှိလာသော အပတ်စဥ်(၁) စစ်သင်တန်းဆင်းများ ၎င်းတို့စစ်ကြောင်းများအတွင်း ပါဝင်အားဖြည့်ရန် အသုံးပြုခြင်းတို့ပါ လတ်တလောလုပ်ဆောင်လျက်ရှိသည်။
အထက်ပါထုတ်ပြန်ချက်နှင့်တစ်ဆက်တည်းမှာပင် ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ဆင်ရေးနှင့် စစ်ဆင်ရေးနောက်တန်းနေရာအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့်အတူ အစွမ်းကုန်ပူးပေါင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNLA ဗဟိုဘက်က ထပ်မံထုတ်ပြန်ထားသည်။



















