Home သတင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိတံတားတစ်စင်း မိုင်းခွဲခံရ၍ ယာဥ်ကြီးများ သွားလာ၍မရ

ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိတံတားတစ်စင်း မိုင်းခွဲခံရ၍ ယာဥ်ကြီးများ သွားလာ၍မရ

691
Photo: CJ

ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ကရင်လေးဆိပ်တံတားကို ယမန် နေ့ ဇူလိုင်လ (၁၆)ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီးနောက် ယနေ့နံနက်ပိုင်းတွင် ခရီးသည်တင် ယာဥ် ကြီး နှင့် ကုန်တင်ယာဥ်များ သွားလာ၍မရတော့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များကပြောသည်။

အဆိုပါ တံတားသည် ယခင်က မကြာခဏမိုင်းခွဲခံရသော ဘီးလင်း ကျုံအိတ်တံတား နှင့် မစောတံတား အကြား တွင်ရှိပြီး အရှည် ၁၀ ပေ၊ အကျယ် ၅၄ ပေရှိကာ မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းကြောင့် ယနေ့မနက်ပိုင်း အထိ မော်တော်ယာဥ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘဲ အိမ်စီးယာဥ်ငယ်များသာ ရွာချင်းဆက်လမ်းများမှ တဆင့် သွားလာနေကြသည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကားကြီးတွေက ညထဲကမိုင်းခွဲခံရတဲ့သတင်းရလို့ ဆင်းမလာဘူး။ ဒီမနက်လည်းမော်လမြိုင်သွားဖို့ တစ်စီးမှ မထွက်တော့ ကားလက်မှတ်ခတွေ အကုန်ပြန်အမ်းတယ်။ ကုန်ကားတွေပိတ်နေတာလည်းရှိတယ် ဒီအတိုင်း ရပ်ထားရတယ်။ ကားသေးတွေကတော့ ရွာချင်းဆက်လမ်းဘက်ကနေ သွားနေကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တံတား မိုင်းခွဲမှုကို မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးသော်လည်း ကရင်လေး ဆိပ်တံတားပျက်စီးသည့်နေရာသို့ ယနေ့တွင် လမ်းတံတားပြုပြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူအဖွဲ့ များ ရောက်ရှိ နေပြီး နေ့တွင်းချင်း ပြုပြင်နိုင်ရန် ပြင်ဆင်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

Photo: CJ

“လမ်းပြင်တဲ့အဖွဲ့တွေတော့ ရောက်နေပြီ။ ချိုးခံရတဲ့တံတားကလည်း အကျယ်ကြီးမဟုတ်ဘူးလေ။ ၁၀ ပေလောက်ပဲရှည်တော့ လမ်းကုမ္ပဏီက လူတစ်ယောက်ပြောတာ ဒီနေ့အမှီပြင်မယ်တဲ့။ ဘက်ဖိုးတွေဘာတွေ လည်း ရောက်နေပြီး။ အဲဒီလမ်းပိုင်းမှာ ပစ်တာ ခတ်တာမရှိဘူးဆိုရင်တော့ နေ့တွင်းချင်းပြင်နိုင်မှာပါ” ဟု ဖော်ပြပါ အမျိုးသားက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် မေလပိုင်းက ကရင်လေးဆိပ်တံတားအနီးရှိ ကျုံအိတ်(ရွှေရောင်ပြ)တံတားနှင့် မစောတံတား နှစ်စင်း လုံး မိုင်းခွဲဖျက်ဆီးခံလိုက်ရသဖြင့် ပြိုကျပျက်စီးခဲ့ပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ် ဖြတ်သန်း ပြေးဆွဲ နေသည့် မော်တော်ယာဥ်များ လမ်းပိတ်ဆို့မှု နှင့် မိုင်းပေါက်ကွဲမှုအတွင်း ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သေးသည်။

ကျုံအိတ်တံတားပျက်စီးစဥ်ကလည်း ရွာချင်းဆက်လမ်းများပေါ် ကားအသုံးပြုမှုများပြီး လမ်းပိတ်ဆို့လာသဖြင့် ကုန်နှင့်ခရီးလမ်းကြောင်း ကြန့်ကြာမှုများဖြစ်ပွားခဲ့ရသလို လမ်းပိုင်းအနီးတိုက်ပွဲဖြစ်ပွားစဥ် ယာဥ်ပေါ် လက်နက် ကြီးကျရောက်မှုကြောင့် ခရီးသွားလာသူအချို့ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဒေသတွင်း သတင်း အရင်းအမြစ်များထံမှ သိရသည်။