ဇူလိုင် ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေ အတွင်းရှိ ဌာနေတိုင်းရင်းသားတို့ ခေတ်အဆက်ဆက် ရိုးရာမပျက် ထိန်းသိမ်းလာသည့် သီးနှံမျိုး စေ့အကြောင်းကို “ရှင်သန်ခြင်းရဲ့မျိုးစေ့များ” ဟု အမည်ပေးထား သည့် မှတ်တမ်းဗီဒီယို မိတ်ဆက်ပွဲကို ဇူလိုင် ၁၆ ရက်တွင် အွန်းလိုင်း Zoom မှတစ်ဆင့် KESANက ပြုလုပ်ခဲ့သည်။
အဆိုပါ မှတ်တမ်းဗီဒီယိုကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN) နှင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အဖွဲ့(Salween Peace Park)တို့က ပူးတွဲရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းရုပ်ရှင် ထဲတွင် သံလွင်ငြိမ်းချမ်းရေး ဥယျာဥ်အတွင်း ပါဝင်သည့် လူသောမြို့နယ်၊ ယယ်မူ ပလော ကျေးရွာအုပ်စုရှိ ဌာနေ ကရင်တို့၏ မျိုးရိုးစဉ်ဆက် ရိုးရာဓလေ့မပျက် စပါး၊ သီးနှံမျိုးစေ့ ထိန်းသိမ်းပုံအကြောင်းကို ရိုက်ကူး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဌာနေပြည်သူတို့၏ စားနပ်ရိက္ခာအတွက် မျိုးစေ့သည် အလွန်အရေးကြီးပြီး စစ်ဒဏ်၊ ရာသီဥတု ဒဏ်ကြောင့် ဌာနေ မျိုးစေ့အချို့ ပျောက်သွားသော်လည်း ကျေးရွာအချို့တွင် ရိုးရာဓလေ့အရ ထိန်းသိမ်းထားသည့် မျိုးစေ့များရှိနေပြီး အဆိုပါဓလေ့ မပျောက်ပျက်ရန် ပူးပေါင်းလုပ်ဆောင် အား ပေးသွားဖို့ လိုကြောင်း KESAN မှ အသက်မွေးဝမ်းကျောင်း စီမံကိန်းတာဝန်ခံ စောနေကော်က မှတ်တမ်း ဗီဒီယိုမိတ်ဆက်ပွဲတွင် ပြောဆိုသည်။
“ မျိုးစေ့တွေကို ဒေသခံပြည်သူလူထုနှင့်အတူ ဘယ်လိုထိန်းသိမ်းမလဲ၊ ဆက်ထိန်းသိမ်းဖို့ ဘယ်လို အစီစဉ်တွေ ချမှတ်ထားသလဲ၊ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြသလဲဆိုတာကို တင်ဆက်မှာဖြစ်တယ်။ သို့ပေမယ့်လည်း တချို့နေရာတွေမှာ ဌာနေမျိုးစေ့တွေမရှိတော့ဘဲ တစ်ခြားနိုင်ငံမှဝင်လာတဲ့ MGO မျိုး စေ့နဲ့ ဖက်စပ်မျိုးစေ့များကို အသုံးပြုလာကြတယ်။ KNU မူတြော်ခရိုင်ထဲမှာတော့ ဌာနေမျိုး စေ့တော်တော်များများ ရှိနေသေးတာကို တွေ့ရတယ်” ဟု စောနေကော်က ပြောသည်။
အဆိုပါ မှတ်တမ်းဗီဒီယိုတွင် ဌာနေကရင်တို့၏ ရိုးရာဓလေ့ထုံးထမ်းနှင့် လူနေမှုဘဝ၊ ရွှေ့ပြောင်းတောင်ယာအတွင်း တောင်ယာစပါးစိုက်ပျိုုးခြင်း၊ ရာသီပေါ်သီးနှံများစိုက်ပျိုးခြင်းနှင့် ရာသီအလိုက်ဒေသထွက် သီးနှံမျိုးစေ့ များကို အခြောက်လှန်းကာ သဘာဝအတိုင်း အထားသို ထိန်းသိမ်းထားပုံအဆင့်ဆင့်ကို မှတ်တမ်းတင် ရိုက်ကား ထားသည်။

ထိုသို့ ရိုးရာဓလေ့အရ မျိုးစေ့များ မပျောက်၊ မပျက်ရန်အတွက် ထိန်းသိမ်းသည့်လုပ်ငန်းစဉ်တွင် အမျိုး သမီးတို့၏ အခန်းကဏ္ဍသည် အဓိကကျပုံကိုလည်း ထည့်သွင်းမှတ်တမ်းတင် ရိုက်ကူးထားသည်ကို တွေ့ရသည်။
ယယ်မူပလောကျေးရွာ စီမံကိန်းကော်မတီဝင် နော်ရေးမူးက “ ကျမတို့ မျိုးရိုးစဉ်ဆက် မျိုးစေ့တွေ ပျောက်ဆုံးသွားမှာကို ကြောက်တယ်။ ကျမတို့ဒေသက အမျိုးသမီးတွေက တတ်နိုင်သလောက် မျိုးစေ့တွေကို အထုပ်လေးတွေထုပ်ပြီး ထိန်းသိမ်းထားတာ။ ကြွက်တို့ အကောင်တို့ ကိုက်သွား မှာကိုလည်း စိုးရိမ်ရတယ်။ တချို့မျိုးစေ့တွေကို ဝါးထဲမှာ ထည့်ပြီး ကြပ်ခိုးပေါ်မှာ ထားရတာ တွေလည်းရှိတယ်။ တချို့မျိုးစေ့ဆိုရင် အခြောက်ခံပြီးရင် နံရံတွေမှာ ချိတ်ထားတာတွေ ရှိတယ်။ ပုံစံ အမျိုးမျိုးနဲ့ တတ်နိုင်သလောက်အိမ်ထဲမှာ ထိန်းသိမ်းထားရတယ်။ ဆေးမသုံးဘူး သဘာဝအတိုင်း ထိန်းသိမ်းထားတယ်”ဟု မိတ်ဆက်ပွဲတွင် ပြောပြသည်။
မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း ဌာနေမျိုးစေ့ ပျောက်သွားမည်ကို စိုးရိမ်သည့်အတွက် အခြားဒေသ သို့မဟုတ် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် မျိုးစေ့များကို ပိတ်ပင်ထားခြင်းကြောင့် ဌာနေမျိုးစေ့ကို ထိန်းသိမ်းရာရောက်သည်ကို တွေ့ရှိရကြောင်း စောနေကော်က ဖြည့်စွက် ပြောသည်။
ထို့အပြင် မှတ်တမ်းဗီဒီယိုထဲတွင် ဌာနေကရင်တို့ ရိုးရာဓလေ့အတိုင်း မျိုးစေ့ထိန်းသိမ်းပုံ၊ ပဋိပက္ခအတွင်း ဌာနေ ပြည်သူလူထု ကြုံတွေ့နေရသည့် အခက်အခဲနှင့် စစ်ဘေးဒဏ်၊ ရာသီဥတုဒဏ်ကြောင့် မျိုးစေ့ ထိန်းသိမ်းရန် ကြိုးပမ်းလုပ်ဆောင်နေရပုံတို့ကိုရှင်းလင်းပြသထားသည်။
မူတြော်ခရိုင်အတွင်းရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ကေအဲယူနှင့် ဒေသခံတို့က ၂၀၁၈ ခုနှစ်တွင် ဥပ ဒေပြဌာန်း အတည်ပြုခဲ့ပြီး စုစုပေါင်း ဧရိယာ ၁,၃၅၅,၅၈၀ ဧက အကျယ်အဝန်းရှိသည်။ ဥယျာဉ်အတွင်း သုံးနှစ်အတွင်း သဘာဝပတ်ဝန်းကျင် သစ်တော၊ မြေယာ ဓလေ့ထုံးတမ်းနှင့် ဌာနေတိုင်းရင်းသား အခွင့်အရေး ကာကွယ် ဖော်ထုတ် မြှင့်တင်ပေးရန် အကောင်အထည်ဖော်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။



















