ဇူလိုင်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်-ကရင်နယ်စပ်ရှိ ကော့ဘိန်းကျေးရွာဒေသအတွင်း တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ပြီး ဇွန်လလယ်ပိုင်းက နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြသော စစ်ဘေးရှောင်များ၏ ကလေးများသည် ကျောင်းဆက်တက်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကော့ဘိန်းအပါအဝင် ကျေးရွာအများအပြား ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသလို နယ်မြေရဲစခန်းကို ဧပြီလပိုင်းတွင် စစ်ကောင်စီက ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းယူကာ ရွာထဲသို့ ယခုအချိန် ဆက်လက်တပ်စွဲထားခြင်း ဖြစ်သည်။
ထို့နောက်တွင် နေရပ်ပြန်နေထိုင်ကြသော ဒေသခံစစ်ရှောင်အချို့၏ ကျောင်းနေအရွယ်ကလေးများသည် နယ်မြေမတည်ငြိမ်မှုကြောင့် ကျောင်းဆက်တက်ရန် အခက်အခဲရှိနေသည်ဟု ကော့ဘိန်းရွာခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“အဓိကက ကလေးကျောင်းထားဖို့အခက်အခဲရှိတာပေါ့။ ဒီခုရောက်တဲ့နေရာမှာ ကျောင်းထားဖို့က ကျောင်းထွက်လက်မှတ်လည်း မရဘူး။ ဆရာမတွေက အစ ပြေးနေရတော့ ဘယ်ရောက်လို့ရောက်ကုန်ကြမှန်းလည်း မသိဘူးလေ။ ရဲစခန်းနဲ့ကျောင်းက တအားနီးတယ်။ အသံကြားရင် တစ်ကျောင်းလုံး ထပြေးခဲ့ရတော့ မိဘတွေက ကျောင်းပြန်ထားဖို့ စိတ်မချတော့ဘူး။ “ ဟု စစ်ရှောင်ကျောင်းသားမိဘတစ်ဦးက ပြောသည်။
လက်ရှိတွင် ရွာအစွန်းအဖျားရပ်ကွက်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက် လက်တပ်စွဲထားဆဲဖြစ်သလို ရွာအတွင်းရှိ အခြေခံပညာကျောင်း ဖွင့်ထားသော်လည်း စစ်ကောင်စီ ပညာရေးအဖွဲ့က နေရပ်ပြန်ကျောင်းတက်သူ ကလေးများကို အကြောင်းအရင်းမရှိ အပြင်ဝတ်ဖြင့်သာ တက်ခွင့်ပေးကြောင်း သိရသည်။

နောက်ထပ်ရွာခံအမျိုးသမီးတစ်ဦးက “အဖြူအစိမ်းနဲ့တော့ ကျောင်းတက်လို့မရဘူး။ အိမ်နေဝတ်နဲ့ ပဲသွားရမယ်။ ကလေးတွေရော ဆရာမတွေရော ကျောင်းသွားကြတာ ရှိတယ်။ နေ့တစ်ပိုင်းပဲ ကျောင်းတက်ရတယ်။ အခြေအနေကြည့်ပြီးတော့ပဲ သင်ကြရတာပေါ့။” ဟု ပြောသည်။
ထို့အပြင် ကျောင်းပြန်တက်သည့် အဆိုပါ နေရပ်ပြန် ကျောင်းသူ၊ ကျောင်းသားများကို စစ်ကောင်စီ ပညာရေးအဖွဲ့က ကျောင်းသုံးလတက်ရုံဖြင့် အတန်းတင်ပေးမည်ဟုပြောဆိုမှုများလည်း ရှိခဲ့ကြောင်း ကျောင်းသားမိဘနှင့် နီးစပ်သူက ပြောသည်။
အလားတူ ဇူလိုင် (၂)ရက်နေ့တွင် ကော့ဘိန်းရွာအနီး သံကလောင်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းနေရာကို တော်လှန်ရေးတပ်ဖွဲ့ထံမှ ဒရုန်းဖြင့် ၂ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု သိရသည်။
ထိုသို့ ရွာအနီးတဝိုက်ရှိ နယ်မြေမငြိမ်မသက်မှုများကြောင့် ကျောင်းတက်ကာချိန်ကာလအတွင်း မိမိတို့ ကျောင်းနေအရွယ် သားသမီးများ အေးဆေးစွာ ပညာသင်ကြားနေရရေးအတွက် စိုးရိမ်ပူပင်နေရသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။



















