ဇူလိုင် ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲ၌ နှစ်ပေါင်းများစွာနေထိုင်သည့် ဒုက္ခသည်များကို တတိယနိုင်ငံသို့ ပြောင်းရွှေ့ နေရာချထားရေး အစီစဉ်အရ ပထမအသုတ်အနေဖြင့် ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ စတင်ထွက်ခွာခွင့် ရရှိသွားပြီး ဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ်အတွက် အဆိုပါအစီအစဉ်အရ ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်၂၅ ဦး အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ (KRC)အတွင်းရေးမှူး စောပွယ်စေးက ယခုလိုပြောသည်။
“ဒုက္ခသည်စခန်းများ ကော်မတီတွေ တွေ့ဆုံတဲ့အစည်းအဝေးမှာ ဘန့်ဒုံယမ်း စခန်းတာဝန်ရှိသူတွေက တင်ပြ တယ်။ သူတို့စခန်းကတော့၂၅ ဦး ပါသွားတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ထွက်ခွာသွားပြီး အိမ်ထောင်စု ဘယ်နှစ်စု ပါလဲတော့ သေချာ ဆက်သွယ်မမေးရသေးဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အမေရိကန်အစိုးရခေါ်ယူသည့် တတိယနိုင်ငံ ပြန်လည်နေရာချထားရေးအစီစဉ်အတွက် ဒုက္ခသည်စခန်း အချို့တွင် နာမည်စာရင်းတင်သွင်းခြင်းနှင့် လူတွေ့စစ်ဆေးမှုများ လုပ်ဆောင်ပြီးသော်လည်း အချို့ဒုက္ခသည်စခန်း များတွင် ပြန်မစသေးကြောင်း သိရသည်။
“ဒါကတော့ အခုတက်တဲ့အမေရိကန်အစိုးရရဲ့ ခေါ်ယူတဲ့ အစီစဉ်ဖြစ်တယ်။ ခေါ်ယူတဲ့အဖွဲ့က ဒုက္ခသည်စခန်း တိုင်းမှာ ချထားတာမဟုတ်ဘူး။ တစ်ဖွဲ့ထဲက စခန်းတစ်ခုပြီးတစ်ခု သွားလုပ်ပေးရတာဖြစ်တယ်။ ဘမ့်ဒုံယမ်းပြီး ရင် ထမ့်မဟင်၊ အုန်းဖြန် နိုဖိုး၊ မယ်လ အဆင့်ဆင့်လာမယ်။ သူတို့ကတော့ ခေါ်ဖို့အဆင့်ဆင့် ဆုံးဖြတ်ပြီးသွားပြီး ဆိုတော့ ကျန့်ကြာမှုနည်းနည်းရှိမယ်။ သေချာပြန်စိစစ်ရတာဆိုတော့ စောင့်ရမှာပေါ့နော်”ဟု စောပွယ်စေးက ဖြည့်ဆွက် ပြောသည်။
လက်ရှိဒုက္ခသည်များကို ခေါ်ယူမည့် အစီစဉ်တွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ ခေါ်ယူခြင်း ဖြစ်ပြီး အခြားနိုင်ငံများက ခေါ်ယူပေးရန် UNHCR ထံမှတစ်ဆင့် တင်ပြပြောဆိုထားသည်ဟု ကရင်ဒုက္ခသည်များ ကော်မတီထံမှ သိရသည်။
ထိုင်း-မြန်မာဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကို တတိယနိုင်ငံသို့ အစုအဖွဲ့လိုက် ပြောင်းရွှေ့ နေရာချထား ရေး အစီအစဉ်ကို ၁၀ စုနှစ်တစ်စုကြာ ရပ်နားထားရာမှ အမေရိကန်အစိုးရက ပြန်ခေါ်ရန် စီစဉ်နေသည့်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဒုက္ခသည်စခန်း ၉ ခုအား ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ MOI နှင့် UNHCR စာရင်းထဲရှိ ထားသူများကို လူတွေ့စစ်ဆေးမှု ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒုက္ခသည်အရေးကိစ္စနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်အတွင်တကမ္ဘာလုံးရှိ ဒုက္ခသည်ဦးရေ ၁၂၅,၀၀၀ ဦးကျော်ကို ခေါ်ယူမည်ဟု ပြောဆိုထားသည်။ ထိုအထဲတွင် ထိုင်း- မြန်မာနယ်စပ် တလျှောက်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အမှတ် ၁၊ ၂ ကရင်နီ ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။



















