Home သတင်း KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလို၍ စစ်ကောင်စီက သတင်းမှားများဖြန့်လျက်ရှိကြောင်း KNU ပြော

KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလို၍ စစ်ကောင်စီက သတင်းမှားများဖြန့်လျက်ရှိကြောင်း KNU ပြော

806
Photo: Social Media

ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အတွင်း နေရာ လုမှုဖြစ် ပွားခဲ့ပြီး ခေါင်းဆောင်နေရာအချို့ အပြောင်းအလဲပြုလုပ်သည့် သတင်းမှာ စစ်ကောင်စီက KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလိုသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

KNU/KNLA တွင် နေရာလုမှုဖြစ်ပွားပြီးနောက် KNLA ၏ လက်ရှိ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီ အား ရာထူးမှဖယ်ရှားခဲ့သလို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးကိုလည်း KNU နာယက နေရာမှ ထုတ်ပယ် လိုက်သည့် သတင်းများသည် စစ်ကောင်စီ၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့တွင် ပြီးခဲ့သည့် ဇူလိုင်လ(၃)ရက်နေ့မှစတင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းအမှားနှင့်ပတ်သက်၍ စစ်ကောင်စီအနေဖြင့် KNU/KNLA ကို ပြိုကွဲစေလိုခြင်း၊ KNU ၏ လုပ်ဆောင်ချက်များအား ပျက်စီးစေလိုခြင်း စသည့်ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးသည့် သတင်းမှား သာဖြစ် ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ဒါကသတင်းအမှားပါ သတင်းထဲမှာပါလာတဲ့ ခေါင်းဆောင်တွေရဲ့အမည်ကို ပြန်ကြည့်တော့ ခေါင်းဆောင်တွေက ဘာမှမသိကြဘူး။ သတင်းထွက်လာတဲ့အချိန်မှာ မိမိအလုပ်မိမိ လုပ်ဆောင်နေတဲ့အချိန်ဖြစ်တယ်။ KNU ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကိုမှ ပစ်မှတ်ထားပြီး သတင်းမှားဖြန့်တဲ့ကိစ္စက KNU ရဲ့အတွင်းရေးကိစ္စ KNU ရဲ့လက်ရှိဆောင်ရွက်နေတဲ့အရာကို ပြိုကွဲစေချင်လို့ ကျဆုံးစေချင်လို့ပဲ ကျနော်တို့မြင်ပါတယ်။” ဟု ပဒိုစောကလယ်စေး က ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် လူထုထံသို့ သတင်းအမှားဖြန့်ဝေခြင်းကို အမြဲတစေလုပ်ဆောင်လေ့ရှိပြီး သတင်းမှားဖြန့်ဝေသည့်လုပ်ဆောင်ချက်အပေါ်တွင်လည်း များစွာ အားကိုးအားထားပြုလျက်ရှိကြောင်းကိုလည်း KNU ပြောခွင့်ရ ပုဂ္ဂိုလ်က ဖြည့်စွက်ပြောသည်။

Photo: Social Media

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိပြည်သူများ တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာကြသည်တွင် စစ်ကောင်စီက KNU ကဲ့သို့ အာဏာရှင်စနစ်ဆန့်ကျင်၍ တော်လှန်ရေးလုပ်ဆောင်နေကြသူများအပေါ် ပြည်သူ လူထု အထင်မှားစေသည့် သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ၎င်းသတင်း မှားဖြန့်သည့် ဒီဂျစ်တယ်ပလက်ဖောင်းများကို စောင့်ကြည့်လေ့လာချက်အရ သိရသည်။

၎င်းပလက်ဖောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖြန့်ဝေမှု အင်တိုက်အားတိုက်လုပ်ဆောင်နေသလို KNU/ KNLA ခေါင်းဆောင်နေရာအပြောင်းအလဲရှိသည်ဟု ဆိုထားသော အဆိုပါသတင်းမှားကိုလည်း ပါဝင်သူ သောင်းနှင့်ချီရှိသည့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချင်းချင်း ဆင့်ပွားဖြန့်ဝေနေသည်ကို တွေ့ရသည်။

တဖက်တွင်လည်း စစ်ကောင်စီက VPN များကို ကန့်သတ်ပိတ်ဆို့ခြင်း၊ အသုံးပြုမှုတွေ့ရှိပါက ဖမ်းဆီး အရေးယူသည့် လုပ်ရပ်များသည် ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၊ သတင်းအရင်းအမြစ်များနှင့် ပြည်သူလူထု အဆက်အသွယ်ပြတ်တောက်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းက ဆိုသည်။

ထို့အတူ စစ်တပ်က KNU နှင့်ပတ်သက်ပြီး သတင်းမှား ဖြန့်ဝေနေမှုအပေါ် KNU ၏ နောက်ထပ်ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကလည်း စစ်ရေး၊ နိုင်ငံရေးရှုံးနိမ့်နေသော စစ်ကောင်စီအနေဖြင့် KNU အတွင်း နားလည်မှု ပျက်ပြား၍ မညီမညွှတ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု လုပ်ဆောင်သော လုပ်ရပ်သာဖြစ်သည်ဟု ဇူလိုင်လ(၆) ရက်နေ့က ခေတ်သစ်မီဒီယာနှင့် အင်တာဗျူးမှတဆင့် တုန့်ပြန်ထားသည်။