Home သတင်း အွန်လိုင်း ငွေလွှဲ/ ငွေထုတ်လုပ်ငန်းများ စောင့်ကြည့်ထောက်လှမ်းခံရမှုများရှိလာသည့်အတွက် ငွေလွှဲဆိုင်အချို့ ရပ်နားထားရ

အွန်လိုင်း ငွေလွှဲ/ ငွေထုတ်လုပ်ငန်းများ စောင့်ကြည့်ထောက်လှမ်းခံရမှုများရှိလာသည့်အတွက် ငွေလွှဲဆိုင်အချို့ ရပ်နားထားရ

848
Photo: CJ

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းက အွန်လိုင်း ငွေလွှဲ/ငွေထုတ်လုပ်ငန်းများ ဘဏ်ငွေထုတ်ရသည့်အခက်အခဲ နှင့် စစ် ကောင်စီစောင့်ကြည့်သတင်းထောက်လှမ်းနေမှုများကြောင့် ဖမ်းဆီးငွေညှစ်ခံရမည်ကို စိုးရိမ်ပြီး အွန်လိုင်းငွေလွှဲ၊ ငွေထုတ်ပေးသည့် လုပ်ငန်းများ ရပ်နားထားရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

“မြဝတီနဲ့ ဖားအံမှာက ငွေထုတ်ရင် ဈေးတစ်မျိုး၊ ငွေလွှဲရင် ဈေးတစ်မျိုးတောင်းနေကြတယ်။ နှစ်ထောင်ကနေ ငါးထောင်လောက်အထိ ငွေလွှဲငွေထုတ်တာ အနည်း/ အများ ကို ကြည့်ပြီး လွဲခပို့ခတောင်းနေကြတယ်။ ရဲတို့ အုပ်ကြီးတို့က စောင့်ကြည့်နေတယ်ဆိုတော့ တချို့ဖားအံဘက်ဆို မြို့ပေါ်ဆိုင်တွေ တစ်သိန်းကို နှစ်ထောင် လောက်တောင်းကြတယ်။ ထုတ်ရင် ၊ လွှဲရင် တစ်ထောင်လောက်ပဲတောင်း ကြတာမျိုးရှိတယ်။ ရဲဖမ်းပြီး ငွေညှစ် တာမျိုးဖြစ်မှာ စိုးရိမ်နေကြတယ်” ဟု ငွေလွှဲလုပ်ငန်းနှင့် နီးစပ်သူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီ၊ ကော့ကရိတ်၊ ဖားအံနှင့် ရပ်ကျေးနယ်များဘက်တွင် ငွေလွှဲ/ ငွေထုတ်ခ ဈေးနှုန်းအဆမတန် တောင်းယူသည့်ကိစ္စများ၊ စစ်ကောင်စီလက်အောက်ခံ ရဲနယ်ထိန်းနှင့် အုပ်ချုပ်ရေးမှူးများက ငွေလွှဲဆိုင်များအား စောင့်ကြည့်သတင်းထောက်လှမ်းမှုများရှိနေကြာင့် ငွေလွှဲပို့ကြသည့် ကိစ္စများတွင် အခက်တွေ့နေကြရ ကြောင်းလည်း ဒေသတွင်း ငွေလွှဲ/ငွေထုတ်လုပ်ငန်းလုပ်ကိုင်သူများက ကေအိုင်စီသို့ ပြောသည်။

မြဝတီက တစ်ပိုင်တစ်နိုင်ကုန်စည် ပို့ဆောင်သူကုန်သည်တစ်ဦးက “မြဝတီမှာ ကုန်ရောင်း/ကုန်ဝယ်ဖို့ ငွေသွင်း ငွေထုတ် ငွေသိန်းရာချီ ငွေသွင်း/ ငွေထုတ်/ ငွေလွှဲ လုပ်လို့ မရသလို တစ်သိန်းနှစ်သိန်းတွေလည်း လွှဲရ ထုတ်ရခက်လာတယ်။ ဘဏ်မှာပိုက်ဆံပြန်ထုတ်ရတာလည်း လိုသလောက်ထုတ်လို့မရ၊ အချိန်ကြာတာဆိုတော့ မလုပ်ကြတာ့ဘူး။ ရပ်ထားကြတယ်။ တချို့ကတော့ ခေတ်ပျက်ချိန် ငွေလွှဲခတွေ အဆမတန် တောင်းပြီး ဆက် လုပ်ကြတယ်၊ ရဲနယ်ထိန်းနဲ့ အုပ်ကြီးတွေကလည်း ဖမ်းဖို့ ချောင်းနေတယ်” ဟု ပြောသည်။

ထိုသို့ မြန်မာပြည်တွင်း အွန်လိုင်းသုံး ငွေလွှဲ/ငွေ ထုတ်ဘဏ်စနစ်များ တင်းကြပ်ကန့်သတ်လိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်မှ မြန်မာပြည်တွင်းသို့ ထိုင်းဘတ်ငွေမှ မြန်မာအွန်လိုင်း ငွေလွှဲမှုကိုသာ လက်ခံကြပြီး မြန်မာ ငွေ လွှဲဝင်လာမှုကို ထိုင်းဘတ်ငွေ ဖြင့်လဲလှယ်သည့် ငွေလဲလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း မဲဆောက်မြို့ရှိ ငွေလွှဲ လုပ်ငန်းဆိုင်ရှင်များ ပြောဆိုချက်အရ သိရသည်။