ဇူလိုင်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးများ လွတ်လပ်စွာနေထိုင်နိုင်ရပ်တည်နိုင်ရန်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရပ်တည်ချက်အောက်တွင် ပူးပေါင်းလုပ်ဆောင်တိုက်ပွဲဝင်နေကြသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ဖွဲ့ဝင်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း အဖွဲ့၏စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစော ဂျော်နီက ပြောဆိုလိုက်သည်။
ယနေ့ ဇူလိုင်လ ၅ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မ တော်နေ့ -KNLA (ခေါ်) ကော်သူးလေတပ်မတော်နေ့ အထိမ်းအမှတ်အနေဖြင့် ကေအိုင်စီ-ကရင်သတင်းဌာနက စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဂျော်နီအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောဂျော်နီက “ စိတ်အားငယ်ခြင်းမရှိဘဲ ပူးပေါင်းလုပ်ဆောင်တဲ့အတွက် KNLA ရဲဘော် အားလုံးကို ဂုဏ်ယူပြုပါတယ်။ တချို့ကတော့ လွတ်လပ်ရေး မရတော့ဘူးထင်ပြီး ထွက်သွားလိုက်တဲ့ လူတွေလည်းရှိတယ်။ အဲဒါက သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ပေါ့နော်။ နောက်ပြီး ဆက်ပြီးပူးပေါင်းလုပ် ဆောင်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ရတယ်။ ကျနော်တို့က အသက်ကြီးသွားပြီး ရှေ့ဆက် လုပ်ဆောင်ရမှာက လူငယ်တွေပဲဖြစ်တယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့က စည်းစည်းလုံးလုံးရှိဖို့ပဲလိုအပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စည်းလုံးညီညွတ်မှုသည် ပြောဆိုရလွယ်ကူသော်လည်း စင်စစ်လက်တွေ့တွင် လုပ်ဆောင်ရ ခက်ခဲနေသလို ဝေဖန်ပြောဆိုသူများအနေဖြင့်လည်း စည်းလုံးညီညွတ်စွာ ပြန်လာပူးပေါင်းလုပ်ဆောင်ပြီး စစ်အာဏာရှင်ကို အတူတကွတိုက်ထုတ်ပါက ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောဂျော်နီက ဖြည့်စွက်ပြောဆိုသည်။
KNLA ၏ အဓိက တာဝန်သည် နယ်မြေအတွင်းရှိ ပြည်သူလူထုများကို ကာကွယ်ရန်နှင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးရပ်တည်ချက် ၊ နိုင်ငံရေးမျှော်မှန်းချက်များကို ပျက်ပြားအောင် တိုက်ခိုက်လုပ်ဆောင်၍ မရရှိစေရန် လုပ် ဆောင်ရမည်ဖြစ်ကာ KNU နိုင်ငံရေးဦးဆောင်မှုအောက်တွင် ပြည်သူလုထုများမှ အဖက်ဖက်ဝိုင်း ဝန်းထောက်ပံ့ ကူညီမှုရှိလာသည့်အတွက် KNLA တပ်ဖွဲ့ဝင်များလည်း စိတ်အားထက်သန်မှု ပိုမိုရှိလာကြောင်း ယနေ့ ပေးပို့သော ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ သဝဏ်လွှာထဲတွင်လည်း ပြောဆိုထားသည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြန်လည်ဆန့်ကျင်သည့် ပြည်သူလူထု ကျောင်းသား လူငယ်များနှင့် အစိုးရဝန်ထမ်းများသည် ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေထဲသို့ ဝင်ရောက်ခိုလှုံကာ စစ်ပညာကို သင်ယူပြီး အချို့မှာ ကရင့်တော်လှန်ရေးတွင် ပူးပေါင်းလုပ်ဆောင် နေကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရကြောင်းလည်း ဗိုလ်ချုပ်ကြီး ဂျော်နီသဝဏ်လွှာထဲတွင် ဖော်ပြထားသည်။
ထို့နောက် စစ်ထဲမဝင်မနေရ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးသည့်နောက်တွင်လည်း လူငယ် အများစုသည် တော်လှန်ရေးနယ်မြေထဲကို တဖန်ထပ်မံဝင်ရောက်လာကာ ပူးပေါင်းလုပ်ဆောင်သူများလာ သည့်အတွက် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် ကျဆုံးသွားသည်အထိ တိုက်ထုတ်သွားရမည်ဖြစ်ကြောင်းလည်း KNLA စစ်ဦးစီးချုပ်က ပြောသည်။
လက်ရှိကာလတွင် ရန်သူ၏ သွေးခွဲမှု၊ တိုက်ခိုက်မှုအမျိုးမျိုးကိုရင်ဆိုင်နေရသော်လည်း အချင်းချင်း ကြားတွင် ယုံကြည်မှု၊ နားလည်မှုနှင့် ခွဲခြမ်းစိပ်ဖြာကာ အတူလက်တွဲလုပ်ဆောင်ပြီး KNLAက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း ပိုမိုလေးစားလိုက်နာသွားကြရန်ကိုလည်း ဗိုလ်ချုပ်ကြီးစောဂျော်နီက တိုက်တွန်းထားသည်။
၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့ မောကို(ဆောထိ)မြို့နယ်တွင် ပြုလုပ်သည့်အမျိုးသား လုံးဆိုင်ရာ ကွန်ဂရက်တွင် ကော်သူးလေတပ်မတော်၏ စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို အတည်ပြုကာ ဖွဲ့စည်းပုံ၊ စုဖွဲ့မှုများ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီးနောက် ဇူလိုင်လ (၅)ရက်နေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် အတည်ပြုခဲ့ သည်။
ထို့နောက် ခေတ်စနစ်နှင့် နိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှုများကြောင့် ကော်သူးလေတပ်မတော်အား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)အဖြစ် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။



















