Home သတင်း လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းများ ဆက်တိုက်စစ်ကြောင်းထိုးမှုများလုပ်ဆောင်နေ

လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းများ ဆက်တိုက်စစ်ကြောင်းထိုးမှုများလုပ်ဆောင်နေ

616
Photo: CJ

ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဇူလိုင် လ(၁၄) ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၀၄)နှင့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၈) မှသင်တန်းဆင်းများ ပူးပေါင်းကာ အင်အား (၇၀)ဝန်းကျင်ဖြင့် ဆက်တိုက်စစ်ကြောင်း ထိုးမှုများလုပ်ဆောင်လျက်ရှိကြောင်း နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ကျေးရွာများအတွင်း (၄) ရက်ဆက်တိုက် စစ်ကြောင်းထိုး စစ်ဆင်ရေးများလုပ်ဆောင်နေပြီး နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့မှုများရှိကြောင်း လောင်းလုံးမြို့ နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

၎င်းက “စစ်ကြောင်းထိုးနေတာဟုတ်တယ်ဗျာ့။ လက်ရှိမှာတော့ လောင်းလုံးမြို့ပေါ်အထိ မရောက် သေးဘူး။ ထား၀ယ် ကနေ လောင်းလုံးကိုဖြတ်တဲ့ ကမြောကင်းတံတားကနေ သဗျာရွာထိ ကြားမှာရှိနေပါတယ်။ အခုဆို ၄ ရက်ရှိ ပါပြီး။ လောင်းလုံးမြို့နယ် အခြေစိုက် ခလရ (၁၀၄) နဲ့ စကခ (၈) ကလတ်တလော သင်တန်းဆင်းထားတဲ့ ရန်သူ တွေနဲ့ ပေါင်းထား တယ်လို့သိရပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော်လည်း တိုက်ပွဲအခြေနေကို အသေးစိတ်မပြောဆိုနိုင်သေးကြောင်းလည်း ကိုရှဲဒိုးကဆက်ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် လမ်းတလျှောက်တွင်လည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးကား လူသားဒိုင်း ပြုလုပ် ခေါ်ဆောင်မှုများရှိကြောင်းလည်း လောင်းလုံးမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီးလူသားဒိုင်း လုပ်သွားလာတာတွေရှိပါတယ်။ လက်နက်ကြီးနဲ့ ကြိုပစ်ပြီးတော့ သွားလာတာတွေ ရှိပါတယ်။ လမ်းသွားလာပြည်သူတွေကို ဖမ်းဆီးသွား တာလည်းရှိတယ်။ ပြီးတော့ ရွာထဲမှာရှိ တဲ့ နေအိမ်အထဲက ပစ္စည်းတွေကို ယူဆောင်သွားတယ်။ စစ်ကြောင်းထိုးရင် စိတ်တိုင်းကျကို လုပ်ဆောင်နေတဲ့ သဘောမှာရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိ ဖမ်းဆီးထားသည့် ဒေသခံများ၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းထားပြီး သဗျာရွာတဝိုက်တွင် ခြေကုပ်နေရာယူ တပ်စွဲထားကြောင်း ကိုရှဲဒိုးက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ လောင်းလုံးမြို့နယ်အတွင်းရှိ လမ်းပိုင်းအများစုတွင် လောင်းလုံးမြို့နယ် အခြေစိုက် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ လုံခြုံရေးစစ်ဆေးမှုများကို ယခုလမှ စတင်ပြီး ဆက်တိုက် လုပ်ဆောင်လျက်ရှိ နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၏ ပြောဆိုချက်များအရ သိရသည်။