Home သတင်း ရှမ်းမြောက်ပိုင်း တိုက်ပွဲကာလရက်၂၀ ကျော်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ်သား (၁၀၀)ခန့် သေဆုံး

ရှမ်းမြောက်ပိုင်း တိုက်ပွဲကာလရက်၂၀ ကျော်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အရပ်သား (၁၀၀)ခန့် သေဆုံး

595
Photo: TNLA

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၀၀)ခန့် သေဆုံးကာ ထိခိုက်သူ (၁၀၀)ကျော်ရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)က ယမန်နေ့ ဇူလိုင်လ (၁၇)ရက်နေ့ညတွင် ထုတ်ပြန်ထားသည်။

(၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ နှင့် TNLA ပူးပေါင်း တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲဖြစ်ပွား သည့်(၂၃)ရက်အတွင်း အရပ်သား(၇၆)ဦး သေဆုံးခဲ့ပြီး(၁၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဇူလိုင်လ(၁၄)ရက်နေ့မှစတင်ပြီး (၁၈)ရက်နေ့ ညပိုင်းအထိ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)မှ လေးရက်ကြာ အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီတပ်မှ လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် (၃) ရက်တာအတွင်း အရပ်သား(၉)ဦး သေဆုံးပြီး(၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း TNLA က ပြောဆိုထားသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့အပြင် မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ စဥ့်ကူးနှင့် မိုးကုတ်မြို့နယ်များရှိ ဒေသခံများ အနေဖြင့် နီးစပ်ရာ မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF ၏ ပြောခွင့်ရ ယိင်းလျန်းဟန်က ပြောသည်။

“အခုလက်ရှိမှာကတော့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတာ ရှိတယ်။ တချို့ တွေဆို လုံလောက်တဲ့ အကူအညီတွေကို မရရှိကြသေးဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း အပစ်ရပ် ထားတယ် ဆိုပေမဲ့ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတုန်းပါပဲ။ စစ်ဘေး ရှောင် အရေအတွက်ကတော့ စာရင်းအတိအကျ မရသေးပါဘူး။ တိုက်ပွဲအခြေနေကဘယ်လို ထပ်ဖြစ် မလည်းဆိုတာ တိတိကျကျ မသိနိုင်သေးတဲ့အတွက်ကြောင့်။” ဟု ကေအိုင်စီ သို့ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ရှောင်များအနေဖြင့် မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်ဆန်၊ ကလော၊ တောင်ကြီး နှင့် အောင်ပန်း စသည့် မြို့များကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောဆိုချက်များအရ သိရသည်။

ထို့အပြင် စစ်ကောင်စီမှ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ယခု(၂၀၂၄)ခုနှစ် ဇန်နဝါရီလ မှစတင်ပြီး ဇွန်လအထိ ခြောက်လတာအတွင်း မြန်မာနိုင်ငံတွင် အရပ်သား သေဆုံးသူ စုစုပေါင်း(၈၈၀)ဦးအထိရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ရက်၊ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ လုပ်ရပ်များကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း (NUG)က ဆိုသည်။