Home သတင်း ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေး ကာကွယ်စောင့်ရှောက်သွားမည်ဟု RCSS ပြော၊ အပစ်ရပ်ကြရန် တိုက်တွန်း

ရှမ်းပြည်တောင်ပိုင်းတည်ငြိမ်ရေး ကာကွယ်စောင့်ရှောက်သွားမည်ဟု RCSS ပြော၊ အပစ်ရပ်ကြရန် တိုက်တွန်း

1383
Photo -Tai Freedom FB

ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေချိန် ရှမ်းပြည်နယ်တောင်ပိုင်းတည်ငြိမ်းရေး နှင့် ပြည်သူ လူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)က ဇူလိုင်လ ၂၉ ရက်၊ ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

RCSS ၏ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီများ၊ ဗဟို ဦးစီးကော်မတီများ၊ ဗဟိုကော် မတီများနှင့်ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်၍ ယခုနှစ် (၂၀၂၄)အတွက် ပြုလုပ်ကျင်းပသည့် ၆ လပတ် အစည်းအဝေးအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ကြေညာချက်တွင် ယခုလို ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ ဒေသတွင်း ပဋိပက္ခကို ဖြေရှင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး အပစ် အခတ်ရပ်စဲရေး ဆောင်ရွက်ရန် နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန်လည်း RCSS ထုတ်ပြန်ကြေညာချက်တွင် တိုက်တွန်းထားသည်။

နိုင်ငံရေးဆောင်း ပါးရေးသားသုံးသပ်သူ မောင်ကျော်စွာက “ တောင်ပိုင်းပဲ ကာကွယ်သွားမယ်ဆိုတာမျိုးထက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးအနေနဲ့ ရှမ်းပြည်တစ်ပြည်လုံးကော မြန်မာပြည် တစ်ပြည်လုံးအတွက်ပါ စဉ်း စားသင့်တာပေါ့။ ဖြစ်သင့်တာကတော့ အာဏာသိမ်းလို့ ဖြစ်လာတဲ့ ကိစ္စတွေ နဲ့ ပတ်သက်လာရင် စစ်အုပ် စုမှာ တာဝန်အရှိဆုံးပဲ။ အဲ့တော့ သူ့မှာ တာဝန်အရှိဆုံးဖြစ်တဲ့အတွက် သူ့ကို ရပ်ဆိုင်းဖို့ RCSS က တောင်းဆို သင့်တယ်။ ဒါမှ ကျန်တဲ့ ကိစ္စတွေက ဖြေရှင်းလို့ရမှာ။” ဟု သုံးသပ်ပြောဆိုသည်။

ထို့အပြင် RCSS အနေဖြင့် ယခုလို အာဏာသိမ်းဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက် များအပေါ် စိုးရိမ်သည့် သဘောထားကြေညာချက် ထုတ်ပြန်လာသည့်အပေါ် ကြိုဆိုသင့်သလို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွင်ထားရှိသင့်သည့် သဘောထားဖြစ်ကြောင်းလည်း မောင်ကျော်စွာ ကဆက် ပြောသည်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်သူလူထုများ၏ အိုးအိမ်များပျက်စီး ဆုံးရှုံးရပြီး သေဆုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရမှုများကြောင့် အမျိုးသမီးနှင့်ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတိဒုက္ခရောက် ရသည့် အပေါ် စိတ်မကောင်းဖြစ်ရကြောင်း RCSS ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်၏ အာဏာသိမ်းယူမှုအကျိုးဆက်ကြောင့် ၃ နှစ်တာကာလအတွင်း တိုင်းပြည်အနှံ့တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလာပြီး စီးပွားရေး ကျဆင်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလာခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့ကြောင့် လုယက်ဖောက်ထွင်းမှု နှင့် လူဆိုးသူခိုး ဓါးပြများ၏ ရန်ကို ပြည်သူများ ကြုံတွေ့ လာရ ကြောင်း RCSS က ဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS/SSA အဖွဲ့အနေဖြင့် ယခင် စစ်အာဏာမသိမ်းခင်ကတည်းက အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် လုပ်ဆောင်လျက်ရှိပြီး စစ်အာဏာသိမ်း ပြီးသည်အထိ ရှမ်းပြည်တောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်း ဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်၍ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၂၂ခုနှစ် မေလပိုင်းနှင့် ၂၀၂၃ ခုနှစ်ဇန်နဝါရီလများတွင် အပစ်အခတ် ရပ်စဲရေးကိစ္စရပ်များအတွက် နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သေးသည်။

RCSS အနေဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသော်လည်း ပြည်နယ်အတွင်း နယ်မြေအငြင်း ပွားမှုများကြောင့် ဒေသတွင်း ရှမ်းလက်နက်ကိုင်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA) နှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။