Home သတင်း ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရေကျော်သဖြင့် ကားများပိတ်မိနေ၊ ခရီးသည်အချို့ သောင်းချီပေး၍ လှေဖြင့် ကူးနေရ

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရေကျော်သဖြင့် ကားများပိတ်မိနေ၊ ခရီးသည်အချို့ သောင်းချီပေး၍ လှေဖြင့် ကူးနေရ

1627
Photo: CJ

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ကျိုက္ကော်ရွာကြား ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ပေါ်တွင် ယမန်နေ့ ဇူလိုင်လ(၂၆)ရက်နေ့ညပိုင်းမှစ၍ ရေကျော်လာသဖြင့် ဘီးလင်းသို့ဆင်းလာသည့် မော်တော်ယာဥ်များ ပိတ်မိနေပြီး ခရီးသည်အချို့မှာ စက်လှေခ ကျပ်ငွေသောင်းချီပေးကူးနေရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဘီးလင်းမြစ်ရေသည် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အဆိုပါမြစ်၏စိုးရိမ်ရေမှတ်ကို ကျော်လွန် ရောက်ရှိနေခြင်းဖြစ်ပြီး ဘီးလင်း-ကျိုက္ကော်လမ်းပိုင်းရှိရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်သို့ ရေ အနက် ၂ ပေမှ ၄ ပေခန့်အထိ ရေကျော်နေသဖြင့် သက်ဆိုင်ရာမှ ယာဥ်များသွားလာခွင့်မပေးဘဲ ယာယီပိတ်ထားခြင်းလည်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့ကြောင့် ယနေ့နံနက်ပိုင်း ရန်ကုန်မှဆင်းလာသော မော်တော်ယာဥ်များမှာ လမ်းပိုင်းရေကျော်နေသည့် ဘီးလင်းမြို့အစပ်တွင် ပိတ်မိနေပြီး ခရီးသည်အချို့မှာမူ ယာဥ်များဆက်သွားမရတော့သည့်နေရာမှ မိုးကောင်းရွာအထိ တစ်ဦးလျှင် စက်လှေခ နှစ်သောင်းကျပ်ပေး၍ ဖြတ်ကူးနေကြသည်ဟု ထိုနေရာတွင် ရောက်ရှိနေသူ ယာဥ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

“ရန်ကုန်ကလာရင် ဒန်ဂိုဆီဆိုင်နား လမ်းဆုံမရောက်ခင်က ဘီးလင်းအစပ်မှာ ပိတ်နေတဲ့ကား အစီးရေ သုံး၊ လေးဆယ်လောက်ရှိတယ်။ လောလောဆယ် ဖြတ်လို့မရသေးဘူး။ ခရီးသည်တွေကတော့ ဘီးလင်း ကနေ မိုးကောင်းနားထိ ရောက်မယ်။ တစ်ယောက်နှစ်သောင်းနဲ့စက်လှေကူးနေရတယ်။ ရေကတော့ ဒီမနက်၈နာရီလောက်ကတည်းက ဆက်တက်နေတုန်းပဲ မိုးရွာနေတုန်းဆိုတော့ ဆက်တက်ဦးမယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

Photo: CJ

ထို့အပြင် ဘီးလင်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များနှင့် ဘီးလင်းမြစ် ကမ်းတစ်လျှောက်မှ ကျေးရွာ များမှာလည်း ရေနစ်မြှုပ်မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာလူမှုကယ်ဆယ်ရေးအဖွဲ့များက ရွှေ့ပြောင်းပေးမှု လုပ်ဆောင်နေရပြီး လက်ရှိရေဘေးကင်းလွတ်ရာ ဘုန်းကြီးကျောင်းများအပါအဝင် ယာယီရေဘေးရှောင် စခန်းများတွင် နေရာချထားပေးရကြောင်း ဒေသတွင်းမီဒီယာများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက “ချောင်းနဲ့နီးတဲ့ အောက်ရွာဘက်တွေ ရေကြီးတယ်။ မြစ်နဲ့နီးတဲ့ဘီးလင်းမြို့ပေါ်လည်း ရေတော်တော်မြှုပ်တယ်။ အလူး အနောက်ရွာတို့ အလယ်ရွာလေးတို့တော့ မရွှေ့ကြသေးဘူး။ ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်လည်း ရေကျော်နေပြီး၊ ဘီးလင်းအထိတော့လာလို့ရတယ်ဆိုပေမယ့် မလာတာအကောင်းဆုံးပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်း၍ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ဘီး လင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ ရေဘေးတိမ်းရှောင်နေရသူ ထောင်နှင့် ချီရှိလာသလို ဘီးလင်းမြို့နယ်အပါအဝင် ကျိုက်ထို၊ ရေး၊ သထုံ၊ ကျိုက်မရောမြို့နယ်တို့တွင် ရေဘေးဒုက္ခတွေ့ကြုံနေရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။

ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ကော့ကရိတ် မြို့နယ်များတွင်လည်း ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်မှုကြောင့် အလားတူ ရေကြီးရေလွှမ်းမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။